Home
မြန်မာသတင်း
ကျောက်ကြီးမြို့နယ်က စစ်စခန်း ၂ ခုကို ပူးပေါင်းတပ်များသိမ်းပိုက်၊ စစ်သား ၁၅ ဦးသေဆုံး
DVB
·
July 27, 2025
KyaukKyi27072025 (4)
KyaukKyi27072025 (3)
KyaukKyi27072025-2
KyaukKyi27072025-3
KyaukKyi27072025-1
KyaukKyi27072025-4

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ ကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၂၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်ထက်မနည်းသေဆုံး၊ အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်း အမှတ် ၂ စစ်ဆင်ရေးနယ်‌‌မြေက ဇူလိုင် ၂၆ ရက်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့သလို PDF ရဲဘော် ၂ ယောက်လည်းကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်း အမှတ် ၂ စစ်ဆင်ရေးနယ်‌‌မြေရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျောက်ကြီးမြို့နယ်ထဲက ရင်းတိုက်ကုန်းရွာနဲ့ လက်ပတ်ရွာတွေက အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီဘက်ကအထိုင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာပါ။ အဲဒီတပ်စခန်းတွေကနေ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်‌‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၅၊ အမှတ် ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်းနဲ့ KNLA တပ်ရင်း ၉ တို့ပူးပေါင်းပြီး ရင်းတိုက်ကုန်းကျေးရွာစစ်ကောင်စီရဲ့ ခမရ ၅၉၀ တပ်ရင်းရဲ့ ရှေ့တန်းအထိုင်စခန်းကို တိုက်ခိုက်ခဲ့ကြသလို လက်ပတ်ကျေးရွာစစ်ကောင်စီအထိုင်စခန်းကိုတော့ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၄၊ ၃၅၀၃ တပ်ရင်း၊ နဂါးနီတပ်ရင်း၊ ဗျူဟာ ၂၆၊ တော်ဝင်ဒေါင်းတပ်ရင်း၊ ၃၇၀၃ တပ်ရင်း၊ တောကျီးကန်းတပ်ရင်းတို့နဲ့အတူ KNLA တပ်ရင်း ၈ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့​ဝင် ၁၅ ယောက်ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိသလို စခန်းစွန့်ခွာထွက်ပြေးသွားကြသူတွေရှိတယ်လည်း ဆိုပါတယ်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲရဲ့ပြောရေးဆိုခွင့်ရှိသူ ဆရာလေး က “ရင်းတိုက်ကုန်းရွာစခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၆ ယောက်သေနေတဲ့အလောင်းတွေတွေ့ရတယ်။ ခန့်မှန်း ၂၀ ကျော်ကတော့ ဒဏ်ရာတွေရလို့စခန်းစွန့်ပြီးထွက်ပြေးသွားတယ်။ အဲဒီတိုက်ပွဲထဲမှာ ကျနော်တို့ဘက်က ရဲဘော် ၁ ယောက် အသက်ပေးခဲ့ရပြီးတော့ ရဲဘော်တချို့ကတော့ မစိုးရိမ်ရတဲ့ဒဏ်ရာတွေရခဲ့​ကြတယ်။ နောက်တိုက်ပွဲကတော့ လက်ပတ်ရွာ စစ်တပ်အထိုင်စခန်းသိမ်း တိုက်ပွဲပေါ့။ အဲဒီတိုက်ပွဲတွေကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်‌ရေး JOC (Joint Operation Command - ပူးတွဲစစ်ဆင်ရေးကွပ်ကွဲမှု) အစီအမံနဲ့ဆောင်ရွက်ခဲ့ကြတာပါ။ စခန်းသိမ်းတိုက်ပွဲတွေထဲမှာပိတ်မိနေတဲ့ သူတို့ဘက်က တပ်မိသားစုဝင်တွေကို ကျနော်တို့ကယ်ထုတ်နိုင်ခဲ့ပြီးတော့ လွတ်တဲ့နေရာအထိပို့ပြီး ကယ်ဆယ်နိုင်ခဲ့တယ်” လို့ DVB ကို ပြောပါတယ်။

လက်ပတ်ကျေးရွာ စစ်တပ်အထိုင်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့သလို PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် ၁ ယောက် ကျဆုံးခဲ့ပြီး ရဲဘော် ၂ ယောက်က မစိုးရိမ်ရတဲ့ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

Photo : ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်း အမှတ် ၂ စစ်ဆင်ရေးနယ်‌‌မြေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013