Home
မြန်မာသတင်း
ကျောက်ကြီးတွင် စစ်ကောင်စီတပ်သား ၁ ဦး ဖမ်းမိ
DVB
·
July 16, 2025

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ဇူလိုင် ၁၀ ရက်က ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တွေ နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်စစ်‌ဆေးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်ကို လက်နက်နဲ့တကွ ဖမ်းမိခဲ့ပါတယ်။

ဇွန် ၂၆ ရက်က စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် ပိတ်မိကျန်ခဲ့သူ ဖြစ်တာကြောင့် ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့ SPRING WARRIORS COLUMN ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီး ကျနော်တို့ နယ်မြေလုံခြုံရေးအတွက် တိုက်ကင်းပတ်တာတွေ လုပ်တယ်။ ဒါပေမဲ့ ကြားရက်မှာ သူ့ကိုမ‌တွေ့ဘူး။ သူကလည်း ကျနော်တို့ကို ပုန်းနေပုံရတယ်။ ၁၀ ရက်နေ့ ကင်းပတ်တဲ့အချိန်မှပဲ သူ့ကိုဖမ်းမိတာပါ။ ဖမ်းမိတဲ့အချိန်မှာ သူက အစာမစားရတာ ၁၀ ရက်ကျော်ရှိပြီ ပြောတယ်။ ငှက်ပျောသီးအစိမ်းတွေ စားပြီးပဲ အသက်ရှင်နေရတယ်လို့ ပြောတယ်။”

ဖမ်းဆီးမိတဲ့ စစ်ကောင်စီတပ်သားနဲ့အတူ သေနတ် MA1 တလက်၊ ကျည်ဘောက် ၃ ခု၊ ကျည်တချို့နဲ့ ခဲယမ်းအနည်းငယ် ပါရှိပြီး လက်ရှိမှာ ကျန်းမာရေးအတွက် ဆေးကုသမှု ပေးထားကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ လွှဲပြောင်းထားတယ်လို့ ဆက်ပြောပါတယ်။

“ဖမ်းမိတဲ့အချိန်မှာ ခုခံတာမျိုး မရှိပါဘူး။ ကျနော်တို့မိတဲ့အချိန်မှာ သူလည်း တော်တော်လေးကို အားအင်ချည့်နဲ့နေပြီး သိပ်မလှုပ်ရှားနိုင်တော့လို့ ဖမ်းခံရတဲ့ပုံစံမျိုး ဖြစ်သွားတာ။ အရင်ရက်တွေကတော့ ခွန်အားရှိနေတော့ သူ ပြေးလွှားနိုင်၊ ရှောင်နိုင်သေးတယ်လေ။ အခုတော့ သူ့ကို သုံ့ပန်းရေးရာနဲ့ဆိုင်တဲ့ တာဝန်ရှိတဲ့ လူကြီးတွေဆီ အပ်လိုက်ပါပြီ။”

ဇွန် ၂၆ ရက်က SPRING WARRIORS COLUMN နဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီစခန်းတွေကို စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၇ ယောက်ထက်မနည်း သေဆုံးတဲ့အပြင် လက်နက်ခဲယမ်းတချို့နဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ယောက်ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013