Home
မြန်မာသတင်း
ကျောက်ကြီး စစ်စခန်းများ သိမ်းခံရပြီးနောက် စစ်ကောင်စီ အင်အားထပ်တိုး
DVB
·
June 27, 2025

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က စစ်ကောင်စီတပ်စခန်း သိမ်းခံရပြီးနောက် ကျောက်ကြီး၊ ကျောက်တံခါးနဲ့ ညောင်လေးပင်မြို့နယ်တွေမှာ စစ်အင်အားတိုးထားတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ဇွန် ၂၆ ရက်က ကျောက်ကြီးမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က အင်အားတိုးလာတာလို့ ဆိုပါတယ်။

ကျောက်ကြီး တပ်စခန်းတွေကို တိုက်ခိုက်တာမှာပါ ဝင်ခဲ့တဲ့ တော်လှန်ရေးတပ် တာဝန်ရှိသူတယောက်က “ကျောက်ကြီး၊ ကျောက်တံခါးနဲ့ ညောင်လေးပင်မြို့ တောက်လျှောက် စစ်အင်အားတွေ တိုးထားတယ်။ ကျနော်တို့လည်း စခန်းတွေသိမ်းထားတော့ သူတို့လည်း ကြောက်ပြီး အင်အားတိုးထားတ” လို့  DVB ကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေ တိုးထားတဲ့အင်အားနဲ့ တခြားအခြေအေနကိုတော့ စစ်ရေးအခြေအနေကြောင့် ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ကျောက်ကြီးမြို့ခံတယောက်က “စစ်အင်အားဖြည့်မှာတော့ သေချာတယ်။ နောက်ပိုင်း ရဲတပ်ရင်းတွေပါ အင်အားဖြည့်တင်းလာတာတွေ့ရပါတယ်။ စစ်တောင်းမြစ်တလျှောက်ကတော့ စစ်ကောင်စီတပ်တွေ အင်အားတိုးတယ်။ သူတို့က စစ်ရေးလှုပ်ရှားတဲ့ နေရာတွေကို အင်အားအလုံးအရင်းနဲ့ ခံစစ်တွေပြန်လုပ်နေတာ တွေ့နေရတယ်” လို့ DVB ကို ပြောပါတယ်။

ဇွန် ၂၆ ရက်နေ့က အမှတ် (၂) စစ်ဒေသခွဲ (JOC) ရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ပူးပေါင်းပြီး စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၅ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း ၈ နဲ့ ၉ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့တယ်လို့ NUG ကာ ကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။

အဲဒါအပြင် လက်နက်မျိုးစုံ ၂၈ လက်နဲ့ ခဲယမ်းတွေ အခြားစစ်သုံးပစ္စည်းကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

မင်းဆက်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013