Home
မြန်မာသတင်း
ကျောက်ကြီး၌ စစ်ရှောင်စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲ၊ ကလေး ၂ ဦး အပါအဝင် ၆ ဦးသေဆုံး
DVB
·
July 8, 2025

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တောကြောင်ပေါက်ကျေးရွာက စစ်ရှောင်တွေနေထိုင်တဲ့ စာသင်ကျောင်းကို ဇူလိုင် ၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၆ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

တောကြောင်ပေါက်ကျေးရွာ စာသင်ကျောင်းကို နတ်သံကွင်းအထိုင် စစ်ကောင်စီစခန်းကနေ ၁၂၀ မမ ဗုံးသီးတွေ အသုံးပြု တိုက်ခိုက်တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ် ၂ ယောက် ပါတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ကျောင်းက စာမသင်ဘူး။ နတ်သံကွင်း၊ ဝါးပင်စု၊ အလယ်စုဘက်ကလူတွေကို စစ်ရှောင်ခွင့်ပေးထားတာ။ ကိုယ်ဝန်ဆောင်တယောက် ဒဏ်ရာရတယ်။ သူက စိတ်မချရလို့ ဆေးရုံပို့ထားတယ်။ လက်ချောင်းတွေထိပြီး ခန္ဓာကိုယ်ထဲ အစတွေဝင်လို့ ထုတ်ရမယ်။ ဒဏ်ရာရတာ သိပ်မရှိဘဲ ပွဲချင်းပြီးဆုံးတာများတယ်။ ကလေးတ‌ယောက်တော့ ဆေးရုံ‌ရောက်မှ ဆုံးတယ်။”

သေဆုံးသူ ကလေးငယ်တွေက အသက် ၁ နှစ်နဲ့ ၆ နှစ်အရွယ်တွေလို့ သိရပြီး အခုလက်ရှိ စစ်ဘေးရှောင်နေထိုင်သူတွေကို အနီးပတ်ဝန်းကျင်က ဘုန်းကြီးကျောင်းနဲ့ တခြားစာသင်ကျောင်း တခုမှာပဲ ပြောင်းရွှေ့နေထိုင်နေရတယ်လို့ ဒေသခံက ပြောပါတယ်။

“ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ သူတို့ကို သွားထားတာမဟုတ်ဘူး။ သူတို့က နေစရာမရှိတော့ တောင်းနေကြတာ။ ပြန်ဆောက်စရာလည်း မလိုဘူးလေ။ ကျောင်းတွေကလည်းပိတ် ဘုန်းကြီးတွေလည်း ကျောင်းမှာ မနေကြတော့ဘူးဆိုတော့။ အခုလိုဖြစ်သွားတော့လည်း အနားမှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ တခြားစာသင်ကျောင်းတခုမှာပဲ ပြောင်းနေရတယ်။ တခြားနေစရာမရှိဘူးလေ။”

ဇွန် ၂၉ ရက်ကလည်း ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ယောက်ထက်မနည်း သေဆုံးပြီး ၇၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013