
မကြာသေးမီက မိုးသည်းလို့ တရုတ်နိုင်ငံမြောက်ပိုင်းက ရေကြီးခဲ့တဲ့ ပေကျင်း-တီယန်ကျင့်နဲ့ ဟော့ဘေးဒေသတွေကို ပြန်လည်ထူထောင်ရေး အာဏာပိုင်တွေက အပြိုင်အဆိုင် လုပ်ဆောင်နေပါတယ်။
အိုးမဲ့အိမ်မဲ့ ရွာသားတွေကို ပြန်ကယ်ဖို့နဲ့ သူတို့အိမ်တွေကို ပြန်ဆောက်ပေးဖို့၊ လမ်းတွေ ပြန်ဖွင့်ပေးဖို့၊ လျှပ်စစ်ဓာတ်အားနဲ့ ရေတွေ ပြန်ရဖို့ အာဏာပိုင်တွေက ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ စနေညကနေ တနင်္ဂနွေ မနက်ပိုင်းအထိ ပေကျင်းမြို့တော်က မီယန်၊ ဟွိုင်ရိုနဲ့ ယန်ချင်း ခရိုင်တွေမှာ မိုးသည်းခဲ့ပြီး အရေးပေါ်ရေလွှမ်းမိုးမှုအတွက် တုံ့ပြန် ဆောင်ရွက်ခဲ့ပါတယ်။ မြို့အနှံ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို အရှိန်မြှင့်နေပါတယ်။
ဖင်းဂူခရိုင်မှာ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဌာနခွဲတွေ၊ အရာရှိတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ လုပ်ငန်းအဖွဲ့ ၁၃၀ ကျော်က မြစ်တွေကို သောင်တူးပြီး ရေကြီးလို့ ပျက်စီးသွားတဲ့ အိမ်တွေကို ပိုးသတ်ခဲ့သလို ဓာတ်ငွေ့ပိုက်လိုင်းတွေကို စစ်ဆေးခဲ့ပါတယ်။
ရက်ပေါင်းများစွာ အလှည့်ကျလုပ်ဆောင်ပြီးတဲ့နောက် ဟော့ဘေးပြည်နယ်မှာ ရေကြီးလို့ ပျက်စီးသွားတဲ့ အဝေးပြေးလမ်းအားလုံးကို စနေနေ့မှာ ပြန်ဖွင့်ခဲ့ပါတယ်။
ယာယီအမိုးအကာတွေမှာ ရှိနေတဲ့သူတွေကို ကူညီဖို့ ဆေးအဖွဲ့ ၁၅ ဖွဲ့က နေရာအနှံ့ ကုသပေးနေပါတယ်။
အဲဒီဒေသတွေက မိုးလေဝသဌာနက နောက်ထပ်ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေကို ခန့်မှန်းထားပါတယ်။
စနေနေ့ကနေ တနင်္ဂနွေနေ့ မနက်အထိ ဟော့ဘေးပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေမှာ မိုးသည်းခဲ့ပါတယ်။
တချိန်တည်းမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဘေးလွတ်ရာ ရွှေ့ပြောင်းရေးနဲ့ ပြန်လည်နေရာချထားရေး ကြိုးပမ်းချက်တွေကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီး ၉ ခုဖြစ်တဲ့ ပေကျင်း၊ ဟော့ဘေး၊ ရှန်တုံး၊ ကျိလင်း၊ တီယန်ကျင့်၊ ကွမ်တုံ၊ ရှန်းရှီး၊ ရှန့်ရှီးနဲ့ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ အာမခံဌာနတွေက မိုးရွာတာနဲ့ ပတ်သက်တဲ့ တောင်းဆိုချက် ၆ သောင်းခွဲကို လက်ခံရရှိထားပြီး ခန့်မှန်းခြေ ဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈ ဘီလီယံရှိတယ်လို့ အမျိုးသားဘဏ္ဍာရေး စည်းမျဉ်းစီမံခန့်ခွဲရေးဌာနက ပြောပါတယ်။
အာမခံဌာနက ယွမ်သန်း ၅၂၀ (အမေရိကန်ဒေါ်လာ ၇၂ သန်းကျော်) အာမခံလျော်ကြေးငွေတွေကို အခုအချိန်အထိ ထုတ်ပေးခဲ့ပြီးပြီလို့လည်း ဆိုထားပါတယ်။
ပေကျင်းမြို့မှာ စနေနေ့ မွန်းလွဲပိုင်းက မိုးကြီးမယ့် အပြာရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဟွိုင်ရိုနဲ့ မီယန်ခရိုင်တွေမှာ မိုးကြီးမယ့် သတိပေးချက်တွေကို လိမ္မော်ရောင်အဆင့် တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။
ဖြစ်နိုင်ခြေ အန္တရာယ်တွေကို စစ်ဆေးဖို့ အဓိကနေရာတွေကို အပိုကင်းလှည့်မယ့်အဖွဲ့တွေ စေလွှတ်ထားပါတယ်။ ဟော့ဘေးပြည်နယ်မှာ မိုးသက်မုန်တိုင်းတွေအတွက် အပြာရောင် သတိပေးချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters