Home
မြန်မာသတင်း
ပင်းတယမြို့နယ်၌ နေအိမ်နှင့် သီးနှံစိုက်ခင်းများ ရေနစ်မြုပ်ပျက်စီး
DVB
·
August 4, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့က ရွှေဥမင်ဘုရားတောင်ခြေမှာရှိတဲ့ ကံ့ကော်တောကျောင်း ရေထွက်ပေါက်နဲ့ ဇော်ဂျီရေထွက်ပေါက်ကနေ ရေအများအပြား လျှံထွက်နေတာကြောင့် ပင်းတယမြို့ အနိမ့်ပိုင်းက နေအိမ်နဲ့ သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်ပျက်စီးကုန်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဥမင်ဘုရားတောင်ခြေမှာရှိတဲ့ ကံ့ကော်တော ဘုန်းတော်ကြီးကျောင်းအတွင်းက ရေထွက်ပေါက်ကနေ ၂၀၂၄ စက်တင်ဘာလကစပြီး ရေအလုံးအရင်းနဲ့ လျှံထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ရေလျှံထွက်ချိန် ပိုများလာတာကြောင့် ရေဘေးအန္တရာယ်ကြုံရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မနှစ်ကလည်း အခုလို ရေထွက်တုန်းက ရေကြီးပြီး အိမ်တွေ ပျက်စီးရသလို အိုးအိမ်တွေ ရွှေ့ပြောင်းရတာတွေ ရှိတဲ့အတွက် ဒီနှစ်မှာလည်း အိမ်တွေ ရေမြုပ်မှာကို စိုးရိမ်တယ်လို့ ပင်းတယမြို့ခံ တယောက်က ပြောပါတယ်။ 

“ဒီလို ရေထွက်တော့၊ ရေတွေကြီးတော့ ကျမတို့ရဲ့ ဟိုဘက်က ဒေသခံတွေနေတဲ့ နေရာတွေက အိမ်တွေ ရေမြုပ်မှာကို စိုးရိမ်တယ်။ ဘာလို့ စိုးရိမ်လဲဆိုတော့ ဒီရေထွက်တာက အရင်နှစ်ကလည်း ထွက်ဖူးတယ်။ ထွက်တဲ့အချိန်မှာ ရေတွေက တက်တယ်၊ အိုးအိမ်တွေကလည်း အကုန်လုံး ပျက်စီးတာတွေ ရှိတယ်။ တချို့တွေဆိုရင် ပြောင်းရွှေ့ရတာတွေ ရှိတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျမတို့က စိုးရိမ်တယ်ပေါ့နော်။”

ဒီနှစ် ရေထွက်တာက မနှစ်ကထက် ရေထွက်အား ပိုအားသန်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကံ့ကော်တောကျောင်းရေထွက်နဲ့ အနီးဆုံးမှာရှိတဲ့ ပြည်တော်သာရပ်ကွက်အနိမ့်ပိုင်းက နေအိမ်တလုံးနဲ့ ပြောင်းခင်းတွေ၊ အိမ်တွင်း သီးပင်စားပင်တွေဆိုရင်လည်း ရေနစ်မြုပ်နေပါတယ်။

ရေထပ်တက်လာပြီး နေအိမ် ရေနစ်မြုပ်မှာကို စိုးရိမ်နေတဲ့ ပြည်တော်သာရပ်ကွက်မှာ နေထိုင်သူတယောက်ကတော့ အားလုံး ရေကြီးတဲ့ဒဏ်ကို ခံနေရတာ ဖြစ်တဲ့အတွက် အကူအညီ ဆိုတာ မရှိဘူးလို့ ဆိုပါတယ်။

ပြည်တော်သာ ရပ်ကွက်သူတယောက်က “လွန်ခဲ့တဲ့ တနှစ်လောက်က တခါကြုံဖူးတယ်။ ဒီနှစ်နဲ့ဆိုရင်တော့ ၂ ကြိမ်ပါ့။ ဒီနှစ်က နည်းနည်း ပိုများနေသလားလို့ပါ။ အခုထိ ရေမရပ်သေးဘူးလေ။ မနှစ်ကတော့ ဒီအခြေအနေလောက်ဆို ရေရပ်သွားပြီ။  ဒီနှစ်ကတော့ ပိုဆိုးနေသလားလို့ပါနော်။ အခက်အခဲကတော့ နည်းနည်းပါးပါးတော့ ရှိတာပါ့။ ကိုယ်နဲ့ အတူတကွပေါ့နော် အားလုံး ဘေးကင်းပါစေလို့ပဲ ဆုတောင်းပြီးတော့ ကိုယ့်အတွက်လည်းကိုယ် စိုးရိမ်နေရတာပေါ့။ ဘာဖြစ်လို့လဲဆို‌တော့ သူလည်း ဒီအတိုင်း ကိုယ်လည်း ဒီအတိုင်းဆိုတော့ အကူအညီဆိုတာ မရှိဘူးလေ”လို့ ပြောပါတယ်။

ကံ့ကော်တောကျောင်း ရေထွက်ပေါက်က ကျလာတဲ့ရေတွေဟာ ပုန်းတလုတ်ရေကန်ထဲကို စီးဝင်နေတာဖြစ်လို့ ကန်ရေတွေလည်း ပြည့်လျှံလို့နေပါတယ်။

မြို့မြောက်ဘက်ခြမ်းမှာရှိတဲ့ ဈေးပိုင်းရပ်ကွက်ထဲမှာဆိုရင်လည်း ရေကြီးရေလျှံနေပါတယ်။

ဒီလိုအခြေအနေတွေအပြင် ပင်းတယတမြို့လုံး နွေ၊ မိုး၊ ဆောင်း ၃ ရာသီလုံးအားထားရာဖြစ်တဲ့ မြို့မြောက်ဘက်က ဇော်ဂျီမြစ် မြစ်ဖျားခံရာ ဇော်ဂျီရေထွက်ပေါက်ကလည်း ရေလျှံထွက်တာ များလာတဲ့အတွက် ရေစီးဆင်းရာ လမ်းကြောင်းတလျှောက်က စပါးခင်းတွေ၊ စီးပွားဖြစ်စိုက်ပျိုးတဲ့ အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်း၊ ပန်းနဲ့ တခြားဟင်းသီးဟင်းရွက်စိုက်ခင်းတွေ ရေဝင်ရောက်ပြီး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဇော်ဂျီရွာက  တောင်သူတယောက်က “ဒီနှစ်က ရေတွေ ပိုပြီးတော့ များလာတယ်ဗျ။ သီးနှံတွေလည်း အကုန်ပျက်စီးကုန်တယ်ဗျ၊ အရင်နှစ်ထက် ပိုဆိုးတယ်။ ဒီဘက်မှာဆိုရင် စပါးတွေ အဓိက စိုက်တယ်။ တောင်သူဦးကြီးတွေ စိုက်ပျိုးရေးတွေ ဆုံးရှုံးရင် စားဝတ်နေရေးတွေ ကျပ်တည်းမှာ စိုးရိမ်တယ်ဗျ”လို့ ပြောပါတယ်။

ပင်းတယမြို့ဟာ ခရီးသွားတွေ လာရောက်လည်ပတ်၊ ဘုရားဖူးကြတဲ့ တောင်ပေါ်မြို့လေးတမြို့ဖြစ်ပြီး အရင်က ဖြစ်လေ့ဖြစ်ထမရှိတဲ့ ရေဘေးအန္တရာယ်ကို လတ်တလောမှာ ရင်ဆိုင်နေကြရပါတယ်။

ဒါ့အပြင် ပင်းတယမြို့နယ်အတွင်းက တောင်ပေါ်ကျေးရွာတွေမှာလည်း ဇူလိုင်  ၂၈ ရက် ညသန်းခေါင်မှာ ငလျင်လှုပ်လို့ မြေပြိုတာ၊ တောင်ကျရေတွေနဲ့အတူ ကျောက်တုံးကြီးတွေ၊ သစ်ပင်နဲ့ ဝါးရုံတောတွေ အမြစ်ကကျွတ်ထွက်ပြီး ရွာလုံးကျွတ်နီးပါး နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေအပြင် ဒေသခံ ၁၀ ယောက်လောက် သေဆုံးခဲ့ပါတယ်။

လတ်တလော ပင်းတယတောင်တန်းပေါ်မှာ မိုးတွေ သည်းထန်စွာရွာပြီးတော့ ရေထပ်ကြီးပြီး တောင်ပေါ်မှာ မြေပြိုမှာကို  စိုးရိမ်နေကြပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013