ထိုင်းအနုပညာရှင် ထီရာဝပ်မာဝီလိုင် (KA-GE) ရဲ့ “Echoes in Motion” လို့အမည်ရတဲ့ Performance art ပြဇာတ်တခုကို သြဂုတ် ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ ကျင်းပခဲ့ပါတယ်။
ဒီပြဇာတ်ဟာ စကားပြောမပါဝင်ဘဲ ရုပ်ပိုင်းဆိုင်ရာပြဇာတ် (physical theatre) မှာ လေ့ကျင့်သင်ကြားထားတဲ့ တက်သစ်စ အနုပညာရှင်တွေ စုစည်းဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေကို အသုံးပြုပြီး ထိန်းချုပ်မှု၊ ကြောက်ရွံ့မှုနဲ့ ခုခံမှုတို့ကို သရုပ်ဖော်ထားတာလည်း ဖြစ်ပါတယ်။
ဇာတ်ကြောင်းတခုကို တင်ဆက်တာက ဘာသာစကားတခုကို နားလည်နေဖို့ဖြစ်လို့ ခန္ဓာကိုယ် အမူအရာကလည်း ဘာသာစကားတခုဖြစ်နိုင်တယ်လို့ ထီရာဝပ်မာဝီလိုင်က DVB ကို ပြောပါတယ်။
“ဇာတ်ကောင်ရဲ့ ခံစားချက်ကို ပရိသတ်က မကြားရလည်း မြင်နိုင်တာနဲ့ သိနိုင်ပါတယ်။ ခန္ဓာကိုယ် အမူအရာက အမြဲတမ်း ပြောပြနိုင်ပါတယ်။ တခါတလေ သင်ဟာ စိတ်လှုပ်ရှားနေမယ်၊ တခါတလေ သင်ဟာ သိချင်စိတ်ပြင်းပြနေမယ်၊ တခါတလေ သင်စိတ်အားထက်သန်စွာ ယုံကြည်နေမယ်၊ စတာတွေကို ပရိသတ်က ခန္ဓာကိုယ် အမူအရာတွေကို ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်”လို့ ထိုင်းအနုပညာရှင်ကပြောပါတယ်။