Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာ ၆ ဦးပါ ကျားဖြန့်ဂိုဏ်းဖမ်းမိ၊ တိုက်ပေါ်က ခုန်ချထွက်ပြေးသဖြင့် ၁ ဦး ဒဏ်ရာရ 
DVB
·
July 31, 2025
Photo: mgronline

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့လိမ်းမြို့နယ်ထဲမှာ မြန်မာနိုင်ငံသား ၆ ယောက်ပါဝင်တဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတဂိုဏ်း ဖမ်းဆီးရမိတယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မဲ့လိမ်းမြို့နယ် ဟွေ့ဆိုင်းရပ်ကွက်ရှိ ဘတ်သန်းပေါင်း ၄၀ တန် အထက်တန်းစား စံအိမ်ကြီးထဲမှာ မသင်္ကာစရာလူတွေ ဝင်ရောက်နေထိုင်နေကြောင်း သတင်းပေးချက်ရတာကြောင့် အမှတ် ၅ တိုင်းဒေသရဲတပ်ဖွဲ့ ဒုရဲမှူးချုပ် ထဝပ်ချိုင်း ဖုန်းဝိဝပ်ထနချိုင်း တို့ဦးဆောင်ပြီး   ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ ၊ လဝက ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ အုပ်ချုပ်ရေးတွေပါတဲ့ ပူးပေါင်းအဖွဲ့ဝင်တွေဟာ ဇူလိုင် ၃၀  ရက်က အဆိုပါအိမ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

တာဝန်ရှိသူတွေရောက်သွားချိန် အိမ်ထဲကလူတချို့က လန့်ဖျပ်ပြီး  ၈ မီတာမြင့်တဲ့ ပြတင်း ပေါက်ကနေ ခုန်ချတာမှာ ၈ ယောက် ထိခိုက်ဒဏ်ရာရပြီး အဲဒီထဲက တယောက် ခြေထောက်ကျိုး သွားတယ်လို့  ဒုရဲမှူးချုပ် ထဝပ်ချိုင်းက သတင်းထောက်ကို ပြောပါတယ်။

စစ်ဆေးချက်အရ အဆိုပါနေအိမ်ကနေ ကွန်ပြူတာ အလုံး ၂၀၊ လက်ကိုင်ဖုံး အလုံး ၁၀၀ ကျော်နဲ့ တရုတ်ဆင်းမ်ကတ်တွေ သိမ်းဆည်းရခဲ့ပါတယ်။  တရုတ်နိုင်ငံသား ၁၂ ယောက်နဲ့ မြန်မာနိုင်ငံသား ၆ ယောက် စုစုပေါင်း ၁၈ ယောက် နေထိုင်ပြီး  အဲဒီအိမ်ကနေ ကျားဖြန်အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းကို လုပ်ကိုင်နေတာလို့ ဆိုပါတယ်။

အဲဒီအိမ်ကို တရုတ်နိုင်ငံသားတယောက်က  ငှါးရမ်းထားပြီး အဖွဲ့သားတွေက ဘယ်မှမသွားဘဲ အဲဒီ အိမ်ထဲကနေ လေယာဉ်လက်မှတ်လိမ်ရောင်းတာ၊ အတုအယောင်ရည်းစားရှာကာ ငွေလိမ်တာ၊ စီးပွါး‌ရေးရင်းနှီးမြှုပ်နှံဟန်နဲ့ ငွေလိမ်တာအစရှိတဲ့  အွန်လိုင်းငွေလိမ်မှုအမျိုးမျိုးကို ၂၄ နာရီလုပ်ကိုင် တယ်၊ အဓိကပစ်မှတ်မှာ တရုတ်နိုင်ငံသားတွေလို့ ဆိုပါတယ်။

လုပ်အားခအနေနဲ့ တယောက်ကို  တရုတ်ယွမ်ငွေ ၁၀,၀၀၀ မှ ၂၀,၀၀၀ ထိ ( ထိုင်းငွေ ဘတ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ ထိ ) ရရှိကြတယ်လို့ ဆိုပါတယ်။

ထိုင်းတာဝန်ရှိသူတွေက သူတို့ ၁၈ ယောက်စလုံးကို ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံတကာ ရာဇဝတ်မှု ဂိုဏ်းနဲ့ ဆက်စပ်မှုရှိမရှိကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်အရေးယူသွားမယ်လို့  အမှတ် ၅ တိုင်းဒေသ ဒုရဲချုပ်က ပြောပါတယ်။ 

Source : MGROnline / Chiangmai Report   

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013