
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ဖွင့်ထားတဲ့ မြန်မာဈေးဆိုင်တန်းကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးသွားပြီး ဥပဒေနဲ့မညီညွတ်သူ ၆ ယောက် ဖမ်းဆီး အရေးယူခံရတယ်လို့ ချင်းမိုင်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ချင်းမိုင်မြို့ ချန့်ဖိုတ်နယ်မြေထဲမှာ မြန်မာပြည်ထွက်ကုန်ပစ္စည်းနဲ့ စားသောက်ဖွယ်ရာတွေ ရောင်းချပြီး ကွန်မြူနတီစင်တာတခုလို ဖွင့်လှစ်ထားကြောင်း လူမှုကွန်ရက်မှာ ဖော်ပြထားသလို အဆိုပါနေရာမှာ တရားမဝင်အလုပ်သမားတွေပါ ဝင်ရောက်လုပ်ကိုင်နေကြောင်း တိုင်ကြားချက် ရတာကြောင့် ချင်းမိုင်မြို့နယ်အုပ်ချုပ်ရေးရုံး၊ အလုပ်သမားရုံး၊ လဝကနဲ့ နယ်မြေခံရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင် ၁၆ ရက် ညနေ ၅ နာရီလောက်က သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါနေရာမှာ ချန့်ဖိုတ်နယ်မြေ ဆီဖုမ်းရပ်ကွက် မဏီးနုတ်ဖလတ် လမ်းသွယ် - ၂ ထဲမှာ တည်ရှိပြီး Memories Of ChiangMai လို့ အမည်ပေးထားတယ်။ မြန်မာနိုင်ငံဒေသအနှံ့က ရိုးရာစားသောက်ဖွယ်ရာတွေ အဓိကရောင်းချတယ်၊ ဆိုင်ပိုင်ရှင်နဲ့ အလုပ်သမားတွေဟာလည်း မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။
အထောက်အထားတွေ စစ်ဆေးရာမှာတော့ အလုပ်သမားဥပဒေနဲ့ မညီညွတ်သူ ၆ ယောက် ရှိကြောင်း၊ ခွင့်ပြုချက်မရဘဲ ဈေးရောင်း၊ ခွင့်ပြုချက်မရဘဲ အလုပ်သမား ငှားရမ်းတဲ့ အလုပ်ရှင်နဲ့ လုပ်ငန်းပြောင်းလဲကြောင်း ၁၅ ရက်အတွင်း အကြောင်းကြားဖို့ ပျက်ကွက်သူ ၃ ယောက်၊ အလုပ်သမားလက်မှတ် မရှိသူနဲ့ ခွင့်ပြုချက်မရတဲ့ အလုပ်မှာ ဝင်ရောက်လုပ်ကိုင်သူ ၃ ယောက် စုစုပေါင်း ၆ ယောက်ကို ဖမ်းဆီးပြီး တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းတာဝန်ရှိသူက ပြောပါတယ်။
Source: Chiangmai News