Home
နိုင်ငံတကာ
ချင်းမိုင်တွင် ဆေးခြောက်ပါသော တရားမဝင်ကုန်ပစ္စည်းများ လိုက်လံနှိမ်နင်း 
DVB
·
July 8, 2025
Photo: chiangmainews

 

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ကလေးငယ်တယောက် ဆေးခြောက်ပါဂျယ်လီစားသုံးပြီး သတိလစ် မေ့မျောခဲ့တဲ့နောက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆေးခြောက်ပါဝင်ကုန်ပစ္စည်းတွေကို လိုက်လံ စစ်ဆေးနှိမ်နင်းနေတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

ခရိုင်ပြည်သူ့ကျန်းမာရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာန၊ ဆေးသိပ္ပံဌာနက တာဝန်ရှိသူနဲ့ နယ်မြေခံ ရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင် ၇ ရက်က ချင်းမိုင်မြို့  ဆုထိပ်ရပ်ကွက် နီမာဟေမင်လမ်းရှိ  ဆေးခြောက်ပါဝင်ကုန်ပစ္စည်းအရောင်းဆိုင် ၂ ဆိုင်ကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ ၂ ဆိုင်လုံး သက်ဆိုင်ရာရဲ့ တရားဝင်ခွင့်ပြုချက်ရထားပြီး အစာနှင့် ဆေးဝါး ဌာနထောက်ခံချက်လည်း ပါရှိတာကြောင့် အရေးယူခံရခြင်းမရှိဘူးလို့ ဆိုပါတယ်။ 

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့ကတော့ ဆေးခြောက်နဲ့ပတ်သက်တဲ့ အလုပ်ရုံ ၂၂ ရုံကို စစ်ဆေးတာမှာ ဥပဒေနဲ့မညီညွတ်တဲ့ အလုပ်ရုံ ၈ ရုံကို တွေ့ရှိခဲ့တယ၊ အဲဒီအလုပ်ရုံကနေ ဂျယ်လီ၊ ဘရော်နီ၊ ချောကလက်  စတာတွေပါဝင်တဲ့ ထုတ်ကုန်ပစ္စည်းအမျိုးအစား ၄၇၀ မျိုးကို သိမ်း ဆည်းခဲ့တယ်၊ ဆေးခြောက်ပါဝင်မှုရာခိုင်နှုန်းကို ဓာတ်ခွဲစစ်ဆေးနေတယ်လို့ ထိုင်းနိုင်ငံ အစာနဲ့ဆေးဝါးကွပ်ကဲရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ ဆူရချုတ် တန်ဝိဝပ်က သတင်း ထောက်တွေကို ပြောပါတယ်။ 

ထိုင်းနိုင်ငံဥပဒေအရ ဆေးခြောက်ပါဝင် ထုတ်ကုန်ပစ္စည်းတွေမှာ တရားဝင်မှတ်ပုံတင်ထားတာမရှိ၊ ပါဝင်ပစ္စည်း ရာခိုင်နှုန်းဖော်ပြထားခြင်းမရှိက ဘတ် ၃၀,၀၀၀ ထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ကျခံရမယ်၊ ဆေးခြောက်ပါ ကုန်ပစ္စည်းမှာ THC အာနိသင် 0. 2 ရာခိုင်နှုန်းထက်များနေပါက ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၂၀,၀၀၀ ထိ ပေးဆောင်ရမယ်လို့  ဖော်ပြထားပါတယ်။ 

ချင်းမိုင်ခရိုင် ဟန်ဒုံးမြို့နယ်ထဲမှာ ဇူလိုင် ၃ ရက်က အသက် ၂ နှစ် ၆ လရွယ် သမီးငယ်တယောက် မူကြိုကျောင်းတက်ရင်း နှိုးလို့မရအောင် အိပ်ပျော်သွားတယ်၊ ဆရာမက အုပ်ထိန်းသူတွေအကြောင်းကြားပြီး ဆေးရုံပို့ပေမဲ့ ကလေးမှာ ၂၄ နာရီကြာ မေ့မျောခဲ့တယ်၊ အဆိပ်ငွေ့သင့်လက္ခဏာလို့ တွေ့တယ်လို့ ဆိုပါတယ်။

အုပ်ထိန်းသူက အပေါင်းအသင်းတွေကို မေးမြန်းရာမှာတော့ အဲဒီမတိုင်ခင် သူတို့အိမ်မှာလုပ်တဲ့ မွေးနေ့ပွဲကို လာတဲ့ဧည့်သည်တယောက်က ဆေးခြောက်ပါဂျယ်လီမေ့ကျန်ခဲ့ကြောင်း ဝန်ခံတယ်၊ ကလေးဟာ အဆိုပါဂျယ်လီကို ကောက်စားခဲ့ကြောင်းသိရတယ်၊ ဆေးကုသခ ဘတ် ၅၀,၀၀၀ ကျော် ကုန်ကျခဲ့တယ်၊ မူးယစ်ဆေးနွယ် ဆေးခြောက်ကြောင့်ဖြစ်တာမို့ ကျန်းမာရေး အာမခံကုမ္ပဏီက ဆေးဖိုး မရှင်းပေးဘူး၊ ဒါကြောင့် သမီးငယ်ရဲ့ ဖခင်က ဂျယ်လီမေ့ကျန်ခဲ့သူကို တရားစွဲပြီး ဆေးဖိုး တာဝန်ယူဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ 

Source:  Chiangmai News / Thai PBS News / FDAThai  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013