
ဇူလိုင် ၂၈ ရက်၊ မနက် ဝေလီဝေလင်းအချိန်။ ကြေးစည်သံတချို့နဲ့အတူ နိုးထလာတဲ့ဒီနေ့ဟာ ငရဲခန်းကနေ လွတ်မြောက်လာတာ တနှစ်တိတိပြည့်တဲ့နေ့ပါ။ လားရှိုးအကျဉ်းထောင်ထဲက လွတ်မြောက်လာသူတွေအနေနဲ့ ဒီအဖြစ်အပျက်တွေကို ပြန်ပြောင်းပြောပြတာပါ။
“မနှစ်က ဇူလိုင်လ ၂၈၊ ၂၀၂၄ ဒီလို မနက်ပိုင်းအချိန်လောက်မှာပဲ လားရှိုး တိုက်ဆောင်နဲ့ မိန်းထောင် ကြားထဲကို ၁၀၇ မမ ကျည် စကျတာပဲ” လို့ လွတ်မြောက်လာတဲ့ အမျိုးသားတယောက်က ပြောပြတယ်။
လက်နက်ကြီးကျည်တွေ နောက်ထပ် ဆက်တိုက် ဆက်တိုက် ကျပြီးနောက် ထောင်ထဲရှိနေတဲ့ စစ်ကောင်စီလက်အောက် ဝန်ထမ်းတွေ အရပ်ဝတ်လဲပြီး ထွက်ပြေးကြတယ်။ အဆောင်တိုင်းက အကျဉ်းသားတွေရဲ့ အော်သံတွေ ဆူညံနေတယ်။ သိပ်မကြာခင်မှာပဲ အကျဉ်းထောင် နှစ်ထပ်ဆောင်က အခန်းတခန်း စပွင့်သွားပြီးနောက် တထောင်လုံးက အဆောင်တွေကို လိုက်ဖွင့်ပေးခဲ့ကြတယ်လို့ သူက ပြောပြပါတယ်။
“ခန့်မှန်းခြေ တနာရီနီးပါးလောက်တော့ ကြာမယ်ထင်တယ်ဗျ။ ကျနော်ပြောတာ ထောင်ဘူးဝတံခါးကို ပြောတာဗျ။ ကျနော်တို့ ဒီအခန်းတံခါးတွေကျတော့ ခန့်မှန်းခြေ မနက် ၇ နာရီလောက်မှ စဖွင့်တာ၊ ၈ နာရီကျော် ၉ နာရီလောက်မှ အခန်းတံခါးတွေ ပွင့်တာပေါ့နော်။”
အကျဉ်းသူ၊ အကျဉ်းသား ၂,၀၀၀ ကျော် တိုက်ပွဲကြား၊ လက်နက်ကြီးကျည်ဆန်တွေ ကြားထဲကနေ ထောင်ဘူးဝကို ကျော်လာခဲ့ကြရတာ ဘဝရဲ့ အမှတ်တရတွေထဲက အမြဲအမှတ်ရနေမယ့်အချိန် အခိုက်အတန့်ပါပဲလို့ သူက ပြောပြတယ်။
ထောင်မပွင့်ခင် စစ်ကောင်စီ စစ်သား တပ်ဖွဲ့နှစ်ဖွဲ့လောက် ထောင်ကို ဆုတ်လာကြကာ ထောင်မှာ အခြေလာချပြီး ထောင်ကနေ လှမ်းလှမ်းပစ်တော့ MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေက ထောင်ကို ဦးတည်လာပြီးတော့မှရှော့ဒုန်းတွေနဲ့ လက်နက်တွေနဲ့ ပစ်ကြတယ်လို့ လားရှိုးမြို့ပေါ် ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တယောက်က ပြောပြပါတယ်။
အဲဒီလို ပစ်နေတဲ့အချိန်မှာ ထောင်အထဲက ထောင်ဝန်ထမ်းတွေ မနက်အစောကြီး ထောင်ပိုင်တွေနဲ့ အတူတူ ထောင်ဝင်းတွေ အကုန်လုံး လိုက်ကြည့်ပြီးတော့မှ တခါတည်း ထောင်ဝန်ထမ်းတွေနဲ့ အတူတူ ထွက်ပြေးတော့တာလို့ သူကပြောပြတယ်။
“အဲဒီအချိန်မှာ လက်နက်ကြီးတွေကျတော့ ထောင်ဝန်ထမ်းတွေကိုလည်း လာမထုတ်ပေးဘူး။ သော့တွေက အကုန်ခတ်သွားတာ။ တထောင်လုံး သော့တွေခတ်သွားတာ။ သော့တွေ ခတ်သွားပြီးတော့မှ တိုက်ပွဲတွေလည်း ပိုပြင်းလာတယ်။”
ထောင်ဝင်းထဲ ထောင်အဆောင်တွေပေါ် လက်နက်ကြီးကျပြီး ခေါင်မိုးတွေပေါက်၊ အထဲကို ဖောက်ဝင်လာကာ လူတွေသေကြတယ်။ အဲဒီအချိန်မှာ အကျဉ်းသူ အကျဉ်းသားတွေ အော်ကြ၊ ဟစ်ကြနဲ့၊ ဘယ်သူမှလည်း အော်လို့ လာမကယ်တော့ ဖောက်ထွက်မှဖြစ်မယ်ဆိုပြီး ဖောက်ထွက်ကြတာလို့ သူကပြောပါတယ်။
ထောင်မပွင့်ခင် အချိန်တွေမှာ လားရှိုးကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်နေတာ၊ ထောင်ရယ် ပြီးတော့ တခြားနေရာတခုပဲ ကျန်တော့တာကို ထောင်ကို လာမတိုက်သေးပေမဲ့ အပြင်ဘက်တွေမှာ တိုက်ပွဲသံတွေ ကြားနေရတယ်လို့ သူက ပြောပြတယ်။
“ထောင်တော့ မတိုက်သေးဘူး။ ထောင်ကနေ လှမ်းလှမ်းပစ်နေတာ သိပ်မကြာဘူး ထောင်မှာရှိတဲ့ ထောင်ဝန်ထမ်းတွေနဲ့ မနက် ၁၀ နာရီခွဲလောက်ကနေ ဖောက်ထွက်ကြတယ်။”
၂၀၂၄ ဇူလိုင်လ ၂၈ ရက် နေ့လယ်လောက်မှာ ထောင်တံခါးတွေ အကုန်လုံးဖောက်ပြီး အကျဉ်းသား ၃,၀၀၀ ကျော်လောက် ဖောက်ထွက်ပြီးမှ လွတ်မြောက်လာကြတာလို့ သူက ပြောပြတယ်။
“စစ်တပ်က ထောင်တွင်းဆူပူပြီး ဖောက်ထွက်လာကြလို့ ပစ်ခတ်လိုက်သေးတယ်။”
တိုက်ပွဲအတွင်း ထောင်တွင်း ဆူပူမှုဖြစ်ပွားခဲ့ပြီး လူအရမ်းများလို့ မနိုင်တော့မှ ထောင်ပွင့်ပြီးမှ ထောင်ဘူးဝတံခါးသော့ ထုတ်ပေးလိုက်တာဖြစ်ပြီး သော့ပေးပြီးတော့ ကျန်ရှိနေတဲ့ ထောင်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရပ်ဝတ်လဲပြီး အကျဉ်းသားတွေနဲ့အတူတူ လိုက်ပြေးကြတာလို့ ဆိုပါတယ်။
ထောင်ဘူးတံခါးက အတွင်းကနေ သော့ခတ်ရတာဖြစ်ပြီး ထောင်ဘူးတံခါး နှစ်ချပ်လုံးကို အတွင်းထဲကနေ သော့တွေ ပိတ်ထားတာဖြစ်တယ်၊ ထောင်အတွင်းဆောင်တွေထဲကနေ ဖောက်ထွက်လာကြပြီး အကျဉ်းသူ အကျဉ်းသား အားလုံး ထောင်ဘူးဝကို ရောက်နေကြတယ်လို့ သူက ပြောပါတယ်။
“ဘေးက ပြတင်းပေါက်တွေဖောက်ပြီးတော့မှ အဲဒီဘူးဝထဲကို ရောက်နေကြတဲ့ အချိန်မှာမှ အဲဒီဘူးဝထဲက စစ်သားက ကျနော်တောင် မြင်လိုက်ပါသေးတယ်၊ ယူနီဖောင်းဝတ်နဲ့ သေနတ်နဲ့ အပြင်ကို လှမ်းချိန်နေတာ။ အဲဒီပြီးမှ အဲဘူးထဲကို အဖွဲ့လိုက်ကြီး ရောက်လာတာ။ လူရောက်တော့ ရာနဲ့ချီရောက်သွားတဲ့ အချိန်ကျမှ သူက ဖွင့်ပေးလိုက်တာ။ သော့ကိုပေးလိုက်တာ။ သော့ကို ပေးလိုက်ပြီးတော့ သူလည်း ရောဝင်၊ အဲချိန်မှ ဘူးတံခါး နှစ်ချပ်လုံး ပွင့်သွားတာ။”
ထောင်ပွင့်တဲ့ထိ စောင့်တဲ့ ဝန်ထမ်းတွေက အတိအကျတော့ မသိပေမဲ့ လေး၊ ငါး ယောက်လောက်ပဲ ကျန်တယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းစင်တွေကနေ ပစ်နေရင်းနဲ့ သေသွားတာက ၃ ယောက်လောက် ရှိပြီးတော့ အရာရှိတယောက်ကတော့ ထွက်ပြေးဖို့ ကြံနေတုန်းမှာ အကျဉ်းသားတွေရဲ့လက်ချက်နဲ့ ကျသွားတယ်လို့ သူကပြောတယ်။
စစ်ကောင်စီ စစ်သားတွေက အကျဉ်းသားတွေနဲ့အတူ ရောနေကြတာကြောင့် MNDAA ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်စစ်ပြီး ရအောင်ထုတ်ကာ ရိုက်နှက်ပြီး ဖမ်းသွားကြတာလို့ ပြောပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ ဇွန် ၂၄ ရက်နေ့ကစ လားရှိုးမှာ လျှပ်စစ်မီးပျက်သွားချိန်ကစလို့ နိုင်ကျဉ်းဆောင်ဟာ တရက်ခြားတခါသာ ရေချိုးကြရတော့သလို အ၀တ်အစားလျှော်ဖို့ ရေမလောက်ငတော့တဲ့အတွက် ပုံစံအင်္ကျီကို ခြေရင်းမှာချ၊ ခန္ဓာကိုယ်ကို ရေလောင်းချိုးပြီး ကျလာတဲ့ရေနဲ့သာ အ၀တ်အစားတွေ လျှော်ရတော့တယ်လို့ မူဆယ်မှာ အဖမ်းခံရတဲ့ LGBT လူငယ်တယောက်က ပြောပါတယ်။
ရေချိုးတာလည်း တယောက်ကို ၁၂ ခွက်စီနဲ့ပဲ ရေချွေတာသုံး ချိုးရပြီး တကိုယ်ရည်သန့်ရှင်းဖို့ မလုံလောက်တဲ့ နောက်ဆက်တွဲကတော့ အရေပြားယားယံမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်လာပြီး ယားနာဆေးတောင် မတိုးလို့ ထွန်းရွှေဝါရဲ့ ဒဏ်ကြေလိမ်းဆေးအပူနဲ့ ယားယံတာကို ခဏတဖြုတ် သက်သာရာ ရလိုရငြား လိမ်းထားရတယ်လို့ သူက ပြောပါတယ်။
“လောကငရဲဆိုတာ အဲဒါပဲလား မသိဘူး။ တိမ်ညိုတွေဆီက ပြိုကျလာတဲ့ မိုးစက်တွေက အကျဉ်းသားတွေအတွက် လောကနိဗ္ဗာန်လို့ ပြောလို့ရအောင်ပါပဲ။ ရှိရှိသမျှ ခွက်တွေနဲ့ မိုးရေခံကြပြီး ရေအ၀ချိုးကြရတာကိုး။ မမေ့နိုင်တဲ့ ငရဲခန်းက ဟောင်းမသွားတဲ့ ဇာတ်လမ်းတပုဒ်လို့တောင် ဆိုလို့ရပါလိမ့်မယ်။”
ထောင်မပွင့်ခင် အကျဉ်းထောင်က တပတ် ၄ ကြိမ်ကျွေးတဲ့ အသားဟင်းတွေ ပုံမှန်မဟုတ်တော့တာကြောင့် အသားအစား ခေါက်ဆွဲခြောက်ထုပ် ပေးရတဲ့ အခြေအနေ ရောက်သွားပြီး လက်နက်ပစ်ခတ်သံတွေ စိုးမိုး လွှမ်းမိုးလာတာနဲ့အမျှ အိမ်ပြန်ရမယ့် မျှော်လင့်ချက် သဲလွန်စပဲလို့ တွက်ဆထားမိတယ်လို့ သူက ပြောပါတယ်။
ထောင်၀င်စာပို့ဖို့လည်း မရတော့တာကြောင့် ၀က်တောင်မှ ဟင်းရည်ကိုတွေ့ရင် ခေါင်းခါရမ်း ရလောက်အောင် အရသာမဲ့တဲ့ သဲပွင့်၊ ခဲစ၊ ခရု၊ ပက်ကျိ မျိုးစုံနဲ့ အမြစ်ပါပါတဲ့ ဟင်းရွက်ရည် “အကျဉ်းသားတွေရဲ့ အခေါ် ၀က်ခေါင်းရမ်းဟင်းရည်” ကိုသာ စားသောက်ရတော့တယ်လို့ သူက ပြောပါတယ်။
တဖျောက်ဖျောက်ရွာနေတဲ့ ဇွန်လရဲ့ မိုးစက်မိုးပေါက်တွေနဲ့အတူ အေးစက်နေတဲ့ လားရှိုးမြို့နဲ့ အနီးတဝိုက် လက်နက်ငယ်သံတွေ ဝှီးကနဲ၊ ရွှီးကနဲ စတင်ကြားလာရတယ်။ လူတွေရဲ့ရင်ထဲ စိုးရိမ်စိတ် အပူမီးတွေ စွဲစပြုလာနေပြီ ဖြစ်တယ်။ ဒုန်း ... ဝုန်း ဆိုတဲ့ လက်နက်ကြီး ပစ်ခတ်၊ ပေါက်ကွဲသံတွေဟာ ကြားတချက်၊ မကြားတချက်သာ ရှိနေသေးပေမဲ့ လားရှိုးမြို့နဲ့ ပတ်၀န်းကျင်ကို စိုးမိုးစပြုနေတဲ့ အချိန်ပေါ့။
ကောင်းကင်ယံမှာ ညိုမည်းနေတဲ့ မိုးသားတွေ မကင်းနိုင်သေးပေမဲ့ ငရဲခန်းတမျှ ဒုက္ခ၊ ဆင်းရဲ၊ ပင်ပန်းမှု ကြီးကြီးမားမား နေ့စဉ်ကြုံတွေ့နေကြရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ဒီလိုနေရာကနေ လွတ်မြောက်ဖို့ မျှော်လင့်ချက်ရောင်နီ အလင်းတန်းဟာ လမ်းစ ထင်ထင်ရှားရှား မြင်လာနိုင်တဲ့ အထိ ပိုမိုတောက်ပလာပါတော့တယ်။
ဒီလိုနဲ့ ဇူလိုင်လရဲ့ နောက်ဆုံးနေ့ရက်တွေဆီ ရောက်လာခဲ့ပြီး ညိုမည်းနေတဲ့ မိုးသား တိမ်တိုက်တွေဆီက မိုးတွေ ပြိုမကျပါဘဲနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ကျည်ဆန်မိုးတွေ ရွာကျလာပြီး အကျဉ်းထောင်နံရံတွေ၊ မျက်နှာကျက်တွေဆီ အငြိုးတကြီး ညှာတာမှုကင်းမဲ့စွာနဲ့ ကြမ်းကြမ်းတမ်းတမ်း ထိုးဖောက်၀င်ရောက်လာပါတော့တယ်။
လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲသံတွေနဲ့အတူ အကျဉ်းထောင်အတွင်းရှိ အကျဉ်းဆောင်အသီးသီးက အကျဉ်းသားတွေရဲ့ ဆူညံသံ၊ ကြောက်ရွံ့တကြီး ဟစ်အော်သံတွေဟာ မိုးခြိမ်းသံတွေနဲ့အပြိုင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တယ်။
လက်နက်ကြီးကျည် ကျသံနဲ့ တဝုန်းဝုန်း ဆူညံနေချိန် “ဆရာ အိပ်ဆောင် (၁) ကလူ ထိသွားလို့ ဆရာ” ဆိုတဲ့ အော်သံတွေနဲ့အတူ အိပ်ဆောင် (၅) ရှေ့ ကိုယ်တွေ နိုင်ကျဉ်းဆောင်ရှေ့က ဖြတ်ပြေးသွားတဲ့ အကျဉ်း၀န်ထမ်းတွေကို ကြည့်ရင်း ကိုယ်တွေရဲ့ဘ၀က အချုပ်အနှောင်ထဲ ရောက်နေတော့ ကူကယ်ရာမဲ့ ရှောင်တိမ်း ထွက်ပြေးဖို့လည်း မဖြစ်နိုင်။
အကျဉ်းထောင် ပတ်လည်လည်မှာ အဆက်မပြတ်ကျနေတဲ့ လက်နက်ကြီးကျည်တွေဟာလည်း ဘယ်အချိန်၊ ဘယ်နေရာကို ကျရောက် ထိမှန်မယ်မှန်း မသိ။ ဘုရားမှတပါး ကိုးကွယ်ရာမရှိတဲ့ ဘ၀ ရောက်မှန်းမသိ ရောက်သွားပါတော့တယ်။ ငရဲပြည်ရောက်သွားတယ်လို့ ထင်ရလောက်အောင် ထိတ်လန့်ကြောက်မက်ဖွယ် အော်သံတွေ ဆူညံနေပါတော့တယ်။
သွေးအလိမ်းလိမ်းနဲ့ အကျဉ်းဦးစီးနောက်က ပါသွားတဲ့ အိပ်ဆောင် (၁) က လူကို ခိုးကြည့်ရင်း တိတ်ဆိတ်စွာ သက်ပြင်းခိုးချကြရတယ်။ တယောက်မျက်နှာ တယောက်ကြည့်ရင်း ငါတို့အလှည့်က ဘယ်တော့လဲဆိုတဲ့ မျက်နှာတွေနဲ့ပေါ့။
ဒေါင် ... ဒေါင် ... ဆိုတဲ့ တန်းဖွင့်ခေါင်းလောင်းသံလည်း မကြားရတော့တာ ၂ ရက်မြောက်နေ့ပေါ့။ ပုံမှန်အားဖြင့် မနက် ၆ နာရီလောက် တန်းဖွင့်တာ ဖြစ်ပေမဲ့ တန်းဖွင့်ချိန်တွေဟာ မမှန်တော့။
မနက်စာ ထမင်းစားချိန် မနက် ၇ နာရီ ဖြစ်ပေမဲ့လည်း မနက် ၁၀ နာရီပင် ထိုးနေပြီ မနက်စာမစားရ။ ထမင်းစားချိန်တွေလည်း ပုံမှန်မဟုတ်တော့ပါ။ အကျဉ်းထောင်ရဲ့ ယန္တရားကြီး လည်ပတ်ပုံလည်း ပုံမှန်မဟုတ်တော့ပါ။
အကျဉ်းသူ အကျဉ်းသားတွေဟာ ကျည်ပလူပျံနေတဲ့ကြားက ဆာလောင်လွန်းလို့ တံခါးလာဖွင့်ပေးမယ့် အကျဉ်းဦးစီးကို မျှော်နေကြရတယ်။ ဗလာဖြစ်နေတဲ့ ဗိုက်မှာလည်း ဘာမှ မစားရသေးတော့ သေနတ်သံတွေနဲ့အပြိုင် အသံစုံမြည်နေပြီ။
အကျဉ်းဆောင်တွေထဲက အကျဉ်းသူ၊ အကျဉ်းသားတွေဟာ ကလေးသူငယ်တွေ မိဘအလာကို စောင့်မျှော်နေသလိုပဲ တံခါးပေါက်ဖွင့်ပေးမယ့်လူကို မျှော်လင့်ချက်ကြီးစွာ မျှော်နေကြတယ်။ ထမင်းပုံးကြီးက အပေါက်၀မှာ လှောင်ပြောင်သရော်နေသလို ထမင်းပုံးကြီးမြင်ရပြီး တံခါးဖွင့်ပေးမယ့်လူ မရှိလို့ မစားကြရ။
ချလောက် .... ဆိုတဲ့ တံခါးဖွင့်သံနဲ့အတူ အကျဉ်း၀န်ထမ်းတယောက်။ မျက်နှာမော့ကြည့်လိုက်တော့ တထောင်လုံးက သဘောအကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ဆရာအောင်လေး။
“ထမင်းစားဖို့ တံခါးဖွင့်ပေးတာ။ မြန်မြန်စားကြမယ်။ အရေးပေါ် တခုခုဆို အိပ်ဆောင်ထဲ ပြန်၀င်ကြမယ်။”
ဒီလိုပြောတာဟာ ထောင်အပြင်ဘက် အခြေအနေကို မီးမောင်းထိုးပြနေပြီဆိုတာ အကျဉ်းသူ၊ အကျဉ်းသားတိုင်း သဘောပေါက်လာကြတယ်။ ဒါကြောင့် အားလုံးက ထမင်းစားဖို့ ပြင်ဆင်ကြ၊ ပြေးကြ၊ လွှားကြနဲ့ ထမင်းကို အလျင်စလို စားရတာက အမော။ အမြန်မစားလို့ကလည်း မဖြစ်ပြန်။ တခုခုဆို အထဲ၀င်ခိုင်းရင် ထမင်းက ငတ်ရဦးမယ်။
နေ့လယ် တံခါးမဖွင့်ရင် စားရအောင်ဆိုတဲ့ အတွေးနဲ့ သူငယ်ချင်းတယောက်က “မို့ရယ် ထမင်းနည်းနည်း ထည့်ထားရမလား။ မို့ ပြောနေတာကြားလား၊ ထမင်းက ယူခဲ့ရမှာလား” လို့ အော်မေးမှ “အေး ယူခဲ့လေ။ ဘာလချောင်လေးပါထည့်ခဲ့” လို့ ပြောလိုက်ရင်း လှမ်းကြည့်လိုက်တော့ ထမင်းထည့်နေတဲ့ သူ့ခမျာ အရင်လက ပို့လာတဲ့ ထောင်၀င်စာ လက်ကျန်ဘူးလေးရဲ့ နံရံကို ဇွန်းနဲ့ခြစ်ပြီး အသက်ဆက်ဖို့ နည်းလမ်းရှာ ရုန်းကန်နေရတာဟာလည်း တကယ်တော့ မမေ့နိုင်တဲ့ ငရဲခန်းရဲ့ ပုံရိပ်တခု။
ဝုန်း .... ဆိုတဲ့ အသံနဲ့အတူ မီးခိုးတွေ တလူလူ ထွက်လာချိန် “၀င်မယ် ... ၀င်မယ်” ဆိုတဲ့ သတိပေးသံ တခါတည်း ကြားရတာနဲ့ စားလက်စပန်းကန် ပစ်ချပြီး အိပ်ဆောင်အထဲ ပြေး၀င်ကြရတော့တယ်။
တကယ်တော့ မီးခိုးတွေက ဘယ်ကထွက်လာလို့ ထွက်လာမှန်းလည်း မသိရသလို ဘယ်ကလာမှန်း မသိရတဲ့ လက်နက်ကြီးကျည်ကျသံတွေကလည်း ထောင်တခုလုံး ဆူညံလာပါတော့တယ်။
“ဝုန်း .... အား .... ထိသွားပြီ။ ထိသွားပြီ ဆရာ။ အိပ်ဆောင် ၅ ထိသွားလို့ပါဆရာ” ဆိုတဲ့အသံ။ ကိုယ်တွေ နိုင်ကျဉ်းဆောင်ကို ကျလာတဲ့ လက်နက်ကြီးနဲ့အတူ နိုင်ကျဉ်း ၅ ယောက်ဟာ သွေးသံ တရဲရဲနဲ့ ဆေးရုံဆောင်ကို အပို့ခံရတယ်။ အော်သံတွေ ခပ်စိတ်စိတ် ဖြစ်လာတယ်။
နာရီ၀က်တခါ အော်သံတွေ ကြားလာလိုက်၊ အကျဉ်းထောင် ၀တ်စုံတွေနဲ့ သွေးတလိမ်းလိမ်းနဲ့ ပြေးလွှားနေကြရင်း အသက်ကို ရသလောက် ဆွဲဆန့်နိုင်ဖို့ ရုန်းကန်နေတာဟာလည်း ဒီ နွေဦးတော်လှန်ရေးရဲ့ ခိုင်မာတဲ့ ရည်မှန်းချက်ရောက်ဖို့ ခရီးလမ်းရဲ့ ပန်းချီကားတချပ်လိုပါပဲ။
အကျဉ်းထောင်ရဲ့ လှုပ်ရှားမှုတွေဟာ ပြောင်းလဲလာတယ်။ ကင်းစောင့်တဲ့ အကျဉ်းဦးစီး ၀န်ထမ်းတွေက မီးတောင်မထွန်းရဲ၊ စကားကျယ်ကျယ်ပြောမိရင်တောင် အဆဲခံရတဲ့အထိ တိတ်တိတ်ဆိတ်ဆိတ် ချောက်ချားစရာကောင်းနေတယ်။
မနက် ပရိတ်တရားဖွင့်သံနဲ့အတူ လမ်းလျှောက်လာတဲ့ ထောင်ပိုင်ကြီး ပြတင်းတံခါးမှာ “အားလုံးခဏ သည်းခံပေးကြနော်။ အန္တရာယ်ကင်းအောင် ပရိတ်ဖွင့်ပေးနေတယ်” လို့ ပြောသွားတယ်။
အန္တရာယ် ကင်း၊ မကင်းတော့ မသိပါ။ အခြေအနေက ဘယ်အချိန် သေရမယ်တောင် မသိရတဲ့ နေ့တွေ ၂၀၂၄ ခု ဇူလိုင် ၂၇ ရက်နေ့မှာ တလပင် ပြည့်ခဲ့ပြီလေ။
ထမင်းစားချိန်ဟာ ထုံစံအတိုင်း မနက် ၁၀ နာရီ ထမင်းနဲ့စားဖို့လည်း ဘာဟင်းမှမရှိ။ တနေ့သုံးနပ်ပင် မှန်အောင် ထောင်က ထမင်းမကျွေးနိုင်တဲ့အခြေအနေ၊ ထောင်၀င်စာဆိုတာလည်း မျှော်လင့်လို့မရတော့။
ထမင်းဝေမယ်ဆိုတဲ့ အသံနဲ့အတူ အပြေးအလွှား သွားကြည့်ပေမဲ့ ရေနွေးမရလို့ ရေနွေးထည့်ယူနေကြ ဖူဂျီဆပ်ပြာဘူးကြီးကိုက်ပြီး ပြန်လာခဲ့ရတယ်။ ရေနွေးလည်း ထောင်က မပေးနိုင်တော့တာမို့ ဖူဂျီဆပ်ပြာဘူးကြီး အလွတ်ထဲကို ခေါက်ဆွဲခြောက် ဖောက်ထည့်ကာ အုတ်ကန်ထဲက ခပ်ထည့်ပြီး ခေါက်ဆွဲခြောက်ပွလာအောင် စောင့်ပြီး စားရတယ်။
ထောင်ထဲ ထမင်းအတူစားကြတဲ့ စာအိုးတွဲ ၃ ယောက် ထိုင်စားနေကြချိန် ၁၀၇ မမ ကျည် နှစ်ထပ်ဆောင်ထဲ ကျရောက်လာပြီး ဘေးက ထမင်းစားနေတဲ့ ဦးလေးနှစ်ယောက် ခေါင်းကွဲသွားပါပြီ။
ပြေးကြ၊ လွှားကြရင်း အိပ်ဆောင် ၅ ထဲ ၀င်ကြတယ်။ လက်နက်ငယ်သံတွေ မကြားရပေမဲ့ လက်နက်ကြီးကျည်တွေက ဆက်တိုက်ကျလာတော့ နိုင်ကျဉ်းအခန်းလူကြီးက ကြမ်းခင်းလှန်ပြီး ခေါင်းပေါ်မိုးထားဖို့ ဆော်ဩတယ်။
“ဝုန်း ... ဆရာ အိပ်ဆောင် (၁) က တယောက်သေပြီဆရာ”
ဘယ်အကျဉ်းဦးစီးမှ ပြေးလာတာ မတွေ့ရတော့ဘဲ၊ အိပ်ဆောင်ထဲ၀င်ချိန် သော့လာခတ်တာက လွဲပြီး ဘယ်အကျဉ်းဦးစီး၀န်ထမ်းကမှ မမြင်ရတော့။
“ဆရာ လူထိသွားလို့ သေပြန်ပြီ”
အော်သံတွေ ပိုပို ဆူညံလာတော့တယ်။ အော်သံတွေ ဆက်တိုက်ထွက်လာသလို လက်နက်ကြီးတွေဟာ မိုးသီးတွေ ကြွေကျသလို တလုံးပြီးတလုံး ကျနေပါတော့တယ်။
“ဆရာတွေ မရှိတော့ဘူး” ဆိုတဲ့ အော်သံနဲ့အတူ အကျဉ်းသားတွေဟာ အကျဉ်းဆောင် အမိုးပေါ် တက်ဖွင့်ကြလေတော့တယ်။
အကျဉ်းဆောင်အပြင်ဘက်ရှိ မီးသတ်ဖို့ ထားထားတဲ့ မီးသတ်ဆေးဘူးနဲ့ သော့ လာရိုက်ဖွင့်ပေးတဲ့ တခြားဆောင်က အကျဉ်းသားတယောက်က “ပြေးရင် ထောင်၀တ်စုံပါအောင်၀တ်” ဆိုပြီး အော်သံတွေနဲ့ ၂,၀၀၀ ကျော်တဲ့ အကျဉ်းကျခံနေတဲ့ အကျဉ်းသူ၊ အကျဉ်းသား လူအုပ်ကြီးဟာ စစ်မြေပြင် တိုက်ပွဲကြားထဲ လက်တွဲပြီး ပြေးကြရတယ်။
မိန်းကလေးအဆောင်ဘက်က နိုင်ငံရေးအကျဉ်းသူတွေလည်း အိပ်ဆောင်ဘက် ပြေးလာကြတယ်။ အချုပ်ကျချိန် ခင်ခဲ့တဲ့ အစ်မတယောက်ကို “အနောရယ် ဒီဘက်လာ၊ ဒီဘက်” လို့ ကျနော် အော်ခေါ်လိုက်တယ်။
သူက ထမင်းစားဖို့ ပေးထားတဲ့ စတီးပန်းကန်ကို ခေါင်းပေါ်အုပ်၊ လက်တဖက်က အထုပ်တထုပ်ဆွဲပြီး ယောဂီရောင် ဝမ်းဆက်နဲ့ သဘက်လည်ပင်းမှာပတ်ပြီး တလွင့်လွင့်နဲ့ ပြေးလာနေတယ်။
“အနော့ လာ အတူပြေးရအောင်။ ဒီနားလာ” ဆိုတဲ့ သူ့အသိ၊ ကိုယ့်အသိ ခေါ်သံတွေ ဆူညံသွားတယ်။ တယောက်လက်ကို တယောက်ဆွဲပြီး ထောင်ဘူး၀ကို ပြေးကြတယ်။
လက်နက်ကြီးတွေက ထောင်နံရံကို မှန်လိုက်၊ ပြေးနေသူတွေကို မှန်လိုက်၊ လေယာဉ်က ဗုံးလာကြဲလိုက်နဲ့ ထောင်တခုလုံး ပြင်းထန်တဲ့ စစ်မြေပြင် ဖြစ်နေတော့တယ်။
လက်နက်ကြီးကျတဲ့အချိန် အစအနတွေ လွင့်စင်လို့ ထိပြီး တဖြုတ်ဖြုတ်လဲကျသွားတဲ့ လူသေအလောင်းတွေကို ဂရုမစိုက်နိုင်ဘဲ ကျော်လာခဲ့ကြရတယ်။ ထောင်ဘူး၀ဆိုတာ ကိုယ်တွေ ထောင်စ၀င်တဲ့အချိန်က ကြည့်ခဲ့ရတဲ့ နောက်ဆုံး အပြင်လောက။
ဘူး၀ကို ဖြတ်ကျော်ချိန်ဟာ တကယ်ကို ဖိနှိပ်ချုပ်ချယ်ခံရတဲ့ နေရာကနေ လွတ်မြောက်လာတဲ့ ၀မ်းသာခြင်းကို စတင်ခံစားချိန်မှာပဲ “အုန်း” လေယာဉ်ဗုံးကြဲသံနဲ့အတူ ကိုယ်နဲ့ လက်တွဲထားတဲ့လက် ရုတ်တရက် လွတ်ကျသွားတယ်။
ပြန်လှည့်ကြည့်ပြီး “မင်းမင်း…” လို့ခေါ်နေပေမဲ့ အသက်မဲ့သွားတဲ့ သူ့ခန္ဓာကိုယ်ကို မြင်ပြီး ဆွံ့အသွားတယ်။ ဘေးက တယောက်ယောက်က အားနဲ့ဆွဲယူလိုက်လို့ လိုက်ပြေးလွှားနေရပေမဲ့ အသိလက်လွတ် ဖြစ်သွားခဲ့ရတယ်။
အဲလို ပြေးလွှားနေချိန်မှာပဲ ပြောက်ကျားဝတ်စုံနဲ့ လူတယောက်ရဲ့ ခြေတစုံ ရှေ့မှာလာအရပ်၊ ကြောက်လန့်တုန်လှုပ်သွားလို့ ထွက်ပြေးဖို့ပြင်ခဲ့ပေမဲ့ အင်အားကုန်ခန်းသွားတာကြောင့် မော့အကြည့် ပြုံးနေတဲ့မျက်နှာနဲ့ ဦးထုပ်မှာ အနီခံပေါ်က ကြယ်ဖြူလေးတပွင့် မြင်လိုက်တော့မှ အသိလက်လွတ် ဖြစ်နေရာကနေ “PDF တွေပါလား” ဆိုတဲ့ အသိ၀င်လာတယ်။ တကယ် ငရဲခန်းက လွတ်မြောက်လာခဲ့ပါပြီ။ ဟုတ်ပါတယ်။ လားရှိုးနိုင်ကျဉ်းတွေ ငရဲခန်းက လွတ်မြောက်လာကြပါပြီ။
ဒါပေမဲ့ ဘ၀တူ နိုင်ကျဉ်းပေါင်းများစွာ မြန်မာပြည်ထောင်အနှံ့မှာ ကျန်နေပါသေးတယ်။ နိုင်ကျဉ်းတိုင်း ငရဲခန်းက မလွတ်မြောက်ကြသေးပါဘူး။ ဒါဟာ မေ့ထားလို့မရတဲ့ အမှန်တရားပါ။ မိုးသားကောင်းကင်ဟာ ကြည်လင်နေပါပြီ၊ လက်နက်သံတွေဟာ ကင်းစင်သွားပါပြီ။ ကိုယ်တွေလည်း လုံခြုံတဲ့နေရာ တနေရာကို ရောက်လာပါပြီ။
“နိုင်ငံရေးအကျဥ်းသား” ဆိုတဲ့ စကားအတိုင်း တံဆိပ်ခတ်ခံထားရတဲ့အတွက် လွတ်လွတ်ကျွတ်ကျွတ် လွတ်မြောက်သွားတယ်လို့ မခံစားရသေးပါဘူး။
တနိုင်ငံလုံးက မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှသာလျှင် လွတ်မြောက်မှုဟာ ပြည့်စုံနိုင်မှာပါ။ ဒါပေမဲ့ လူသားမဆန်တဲ့ ငရဲခန်းကနေတော့ လားရှိုးနိုင်ကျဥ်းတွေနဲ့အတူ လွတ်မြောက်ခဲ့ပါတယ်။
Pra Jaw