
လီဗာပူးအသင်းဟာ တိုက်စစ်မှူး အီဆက်ခ်အတွက် နယူးကာဆယ်အသင်းကို ဒုတိယအကြိမ် ကမ်းလှမ်းတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
အီဆက်ခ်ကိုခေါ်ယူဖို့ လီဗာပူးအသင်းက ပေါင် သန်း ၁၂၀ အထိ ပေးချေဖို့ ကမ်းလှမ်းခဲ့ပေမဲ့ နယူးကာဆယ်အသင်းဘက်က ပေါင်သန်း ၁၅၀ အလိုရှိ တာကြောင့် ပယ်ချခဲ့တာပါ။
လီဗာပူးအသင်းအနေနဲ့ အီဆက်ခ်အတွက် ပြောင်းရွှေ့ကြေး အမြင့်ဆုံးနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်လို့ နောက်ထပ်ကမ်းလှမ်းတော့မှာ မဟုတ်တော့ဘဲ လက်လျှော့သွားတော့မှာဖြစ်ကြောင်း BBC Sport သတင်းမှာဖော်ပြပါတယ်။
လီဗာပူးအသင်းဟာ တိုက်စစ်မှူး အစ်ကီတီကီနဲ့ ဖလော်ရီယဗက်ဇ်တို့ အပါအဝင် ကစားသမား ၆ ယောက် အတွက် ပေါင်သန်း ၃၀၀ နီးပါးအသုံးပြုထားတာကြောင့် အီဆက်ခ်အတွက် နောက်ထပ်ပေါင်သန်း ၁၅၀ အသုံးပြုမယ်ဆိုရင် ဘဏ္ဍာရေးကန့်သတ်ချက်နဲ့ ညိစွန်းသွားနိုင်ကြောင်း သုံးသပ်မှုတွေ ရှိပါတယ်။
အီဆက်ခ်ဟာ လက်ရှိအချိန်မှာ နယူးကာဆယ်အသင်းနဲ့ ပူးပေါင်းခြင်းမရှိဘဲ အသင်းဟောင်း ဆိုစီဒက်မှာ တယောက်တည်း လေ့ကျင့်ခန်းဆင်းနေပါတယ်။