
လစ်သူယေးနီးယားဝန်ကြီးချုပ် ဂင်းတောက်တပ်စ်ပါလုစ်ကပ်စ်ဟာ သူ့ခယ်မပိုင်ဆိုင်တဲ့ ကုမ္ပဏီနဲ့ သူ့စီးပွားရေးလုပ်ငန်းတို့ ဆက်နွှယ်နေမှုတွေကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီးနောက်မှာ ရာထူးကနေ အနားယူတော့မယ်လို့ ဇူလိုင် ၃၁ ရက်က ပြောကြားခဲ့ပါတယ်။
ပါလုစ်ကပ်စ်ရဲ့ ကြေညာချက်ထဲမှာ သူ့ရဲ့ အတိတ်က အမှားတွေက သူ့အစိုးရရဲ့ အလုပ်တွေကို အဟန့်အတား ဖြစ်စေခဲ့တာကြောင့် ရာထူးက နုတ်ထွက်ဖို့ကို မြန်မြန်ဆန်ဆန်နဲ့ ယုံကြည်ချက်ရှိရှိ ဆုံးဖြတ်ချက်ချနိုင်ဖို့ တွန်းအားဖြစ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အစိုးရအေဂျင်စီတခုက ငွေကြေးထောက်ပံ့တဲ့ အပေးအယူတခုအတွင်း ဝန်ကြီးချုပ် ပါလုစ်ကပ်စ် ပူးတွဲပိုင်ဆိုင်တဲ့ ကုမ္ပဏီက သူ့ခယ်မပိုင် တခြားကုမ္ပဏီတခုကို လျှပ်စစ်ဘက်ထရီတွေ ရောင်းချပေးတဲ့ စီးပွားရေး ဆက်ဆံမှုတွေအတွက် ဘောလ်တစ်ဒေသနိုင်ငံရှိ အတိုက်အခံပါတီတွေက ပါလုစ်ကပ်စ်ကို ဝေဖန်ခဲ့တာပါ။
လတ်တလော သီတင်းပတ်အတွင်းမှာပဲ ပါလုစ်ကပ်စ်က သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ နောက်တက်လာမယ့် ၀န်ကြီးချုပ်ကို လွှတ်တော်ကိုယ်စားလှယ် ၁၄၁ နေရာ အနက် ၅၂ နေရာ ရရှိထားတဲ့ ပါလုစ်ကပ်စ်ရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ရွေးချယ်မှာဖြစ်ကြောင်း ဗင်းလ်နီးယပ်စ် နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံရေးသိပ္ပံတက္ကသိုလ်မှ နိုင်ငံရေးလေ့လာသုံးသပ်သူ မက်ဇ်ဗီဒက်စ် ယာစ်ထရမ်စ်ကစ်စ်က ပြောကြားခဲ့ပါတယ်။
Source: Reuters




