Home
နိုင်ငံတကာ
တောင်ကိုရီးယားဝန်ကြီးချုပ်ကို ယာယီသမ္မတအဖြစ် ပြန်လည်ခန့်အပ်
DVB
·
March 24, 2025
Photo : Reuters

တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒက်ဆူးကို ယာယီသမ္မတအဖြစ် ပြန်လည်ခန့်အပ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက မတ် ၂၄ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကြောင့် လွှတ်တော်က စွပ်စွဲဖြုတ်ချခဲ့တဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုး နေရာမှာ ဝန်ကြီးချုပ်က ယာယီသမ္မတတာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ဟန်ဟာ ယာယီသမ္မတနေရာမှာ နှစ်ပတ်တောင်မခံဘဲ ဒီဇင်ဘာ ၂၇ ရက်မှာ စွပ်စွဲပြစ်တင်ပြီး ရာထူးက ဆိုင်းငံ့ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ တရားသူကြီး ၃ ယောက် ထပ်မံခန့်ထားဖို့ ကိစ္စကို ငြင်းပယ်တာကြောင့် အတိုက်အခံတွေ လွှမ်းမိုးထားတဲ့ လွှတ်တော်နဲ့ ပြဿနာတက်ပြီး ဖြုတ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

ခုံရုံးတရားသူကြီး ၈ ယောက်မှာ ၇ ယောက်က လွှတ်တော်ရဲ့ စွပ်စွဲဖြုတ်ချမှုကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ၇ ယောက်ထဲမှာမှ ၅ ယောက်က ဟန်အပေါ် စွပ်စွဲပြစ်တင်ဖို့ အဆိုတင်သွင်းမှုဟာ တရားဝင်ပေမဲ့ ဟန်ဟာ အခြေခံဥပဒေကို မချိုးဖောက်ခဲ့သလို စစ်အုပ်ချုပ်ရေးကြေညာမှု၊ နိုင်ငံတော်ပုန်ကန်မှုတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေလည်း မချိုးဖောက်ခဲ့တဲ့အတွက် စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ အကြောင်းမခိုင်လုံဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

နောက် ၂ ယောက်ကတော့ စွပ်စွဲပြစ်တင်ကတည်းက လွှတ်တော်မှာ အမတ် ၃ ပုံ ၂ ပုံက အတည်ပြုတာမျိုး မဟုတ်တဲ့အတွက် တရားမဝင်ဘူးလို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ တရားသူကြီးတယောက်တည်းကသာ ဟန်ကို စွပ်စွဲဖြုတ်ချဖို့ အတည်ပြုခဲ့ပါတယ်။

အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ဟန်ဟာ ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ် သမ္မတ ၃ ယောက် လက်အောက်မှာ ခေါင်းဆောင်မှုရာထူးအမျိုးမျိုး အနှစ် ၃၀ ကျော် ထမ်းဆောင်ခဲ့တဲ့ ဝါရင့်ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ပါတီအပေါ် မူတည်ပြီး အကွဲအပြဲကြီးမားတဲ့ နိုင်ငံမှာ ဟန်ဟာ ပါတီလိုင်းကိုကျော်လွန်တဲ့ ရှားပါးအစိုးရအရာရှိအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဟန်ဟာ သမ္မတယွန်းဆွတ်ခ်ယိုး စစ်အုပ်ချုပ်ရေးကြေညာမှာကို ဟန့်တားဖို့ ထိထိရောက်ရောက် မဆောင်ရွက်ခဲ့ဘူးလို့ အတိုက်အခံတွေက စွပ်စွဲထားပါတယ်။

ယွန်းရော၊ ဟန်ပါ စွပ်စွဲဖြုတ်ချခံထားရချိန်မှာ ဘဏ္ဍာရေးဝန်ကြီး ချွဲဆန်းမော့က ယာယီသမ္မတ တာဝန်ယူထားတာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013