Home
မြန်မာသတင်း
ကိုရီးယားသို့ လုပ်သားစေလွှတ်ရာတွင် အေဂျင်စီတခုကို တလ ၁၀ ဦးသာ အလုပ်ခေါ်စာ တင်ခွင့်ပေး
DVB
·
March 24, 2025

တောင်ကိုရီးယားနိုင်ငံကို အစိုးရချင်း သဘောတူညီမှုနဲ့ စေလွှတ်နေတဲ့ EPS လုပ်သားတွေအတွက် အလုပ်ခေါ်စာတင်ခွင့် ဦးရေကို ကန့်သတ်တာမရှိပေမဲ့ ပုဂ္ဂလိကအေဂျင်စီတွေကနေ စေလွှတ်မယ့် လုပ်သားတွေနဲ့ပတ်သက်လို့ အေဂျင်စီတခုကို တလမှာ ၁၀ ယောက်ထက်ပိုပြီး အလုပ်ခေါ်စာတင်ခွင့်မပေးဘူးလို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအနေနဲ့ တောင်ကိုရီးယားနိုင်ငံဆီ အလုပ်သမား စေလွှတ်ခွင့်နဲ့ ပတ်သက်လို့ လုပ်ငန်းစဥ်နဲ့ ကန့်သတ်မှုတွေကို ထိုင်းနဲ့ ဂျပန်နိုင်ငံတွေအတွက် အသိပေးပြီးတဲ့နောက် ဆက်လက်ထုတ်ပြန်လာတာပါ။

တောင်ကိုရီးယားနိုင်ငံကို အစိုးရချင်း သဘောတူညီချက်နဲ့ အရပ်သားအစိုးရလက်ထက် မတိုင်ခင်ကတည်းက EPS စနစ်နဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က အဓိကပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဆီ POEA ကတဆင့် လုပ်သားစေလွှတ်တာနဲ့ပတ်သက်လို့ စာချုပ် ချုပ်ဆိုမယ့်ရက်မတိုင်ခင် ၇ ရက် ကြိုအသိပေးဖို့၊ စာချုပ်ချုပ်ဆိုခွင့်ကို ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရယူဖို့နဲ့ စေလွှတ်ခွင့်ပေးနိုင်ရေး ၇ ရက် ကြိုအသိပေးရမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ POEA က စေလွှတ်မယ့် အလုပ်သမားတွေအတွက် အလုပ်ခေါ်စာတင်ခွင့်နဲ့ ပတ်သက်လို့ ကန့်သတ်ထားတာ မတွေ့ရပါဘူး။

တောင်ကိုရီးယားကိုသွားဖို့ စောင့်ဆိုင်းနေတဲ့ EPS လုပ်သားတယောက်က “မူဝါဒတွေက ရှုပ်ထွေးနေတော့ ဝေခွဲမရ ဖြစ်နေတာ။ ထွက်ခွင့်မရမချင်း ဘယ်သူမှ စိတ်မချမ်းသာရဘူး။ အခု ထုတ်ပြန်ချက်အတိုင်းဆို EPS သမားတွေက မျှော်လင့်ချက်ပြန်ရှိလာတယ် ပြောရမလိုပဲ” လို့ ပြောပါတယ်။

ဒါပေမဲ့ ပုဂ္ဂလိကအေဂျင်စီတွေက စေလွှတ်မယ့် သင်္ဘောကျင်းလုပ်ငန်း ကျွမ်းကျင်လုပ်သား (ဗီဇာအမျိုးအစား E-7-3)၊ ရေလုပ်သား (ဗီဇာအမျိုးအစား E-10-2)တွေအတွက် တလကို အေဂျင်စီတခုလျှင် အလုပ်ခေါ်စာ ၁၀ ယောက်ပဲ လက်ခံမယ်လို့ ကန့်သတ်ထားပါတယ်။

သင်္ဘောကျင်းနဲ့ ရေလုပ်ငန်းအတွက်ကို မြန်မာအေဂျင်စီ ၆ ခုလောက်ကပဲ တရားဝင် လုပ်သားစေလွှတ်ခွင့် ရထားတာ ဖြစ်သလို အခုလို ကန့်သတ်မှုတွေမတိုင်ခင်ကတည်းက ကိုရီးယားနိုင်ငံကနေ လုပ်သားအနည်းငယ်ပဲ ခေါ်ယူမှုရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ဒီထုတ်ပြန်ချက်မတိုင်ခင်က တလမှာ ထိုင်းနိုင်ငံအတွက် အေဂျင်စီတခုကို အလုပ်သမား ၅၀ နဲ့ ဂျပန်နိုင်ငံအတွက် ၁၅ ယောက်စီပဲ အလုပ်ခေါ်စာ တင်ခွင့်ပေးမယ်လို့ ကန့်သတ်ချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ EPS စနစ်နဲ့ ရောက်ရှိ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၇၀၀၀၀ ကျော်ရှိပြီး ဒီနှစ်ကစလို့ ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားအတွက် အမျိုးသမီးတွေပါ စတင်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013