
လစ်သူယေးနီးယားနိုင်ငံအရှေ့ပိုင်း ပါးဘရာ့ဒေမြို့အနီးရှိ ပါးဘရာ့ဒေ လေ့ကျင့်ရေးကွင်းမှာ စစ်ရေးလေ့ကျင့်မှု လုပ်နေကြရင်း အမေရိကန်စစ်သား ၄ ယောက် ပျောက်ဆုံးသွားမှုကို လစ်သူယေးနီးယားနဲ့ အမေရိကန် ၂ နိုင်ငံ စစ်တပ်တို့ စုံစမ်းရှာဖွေနေကြောင်း လစ်သူယေးနီးယားစစ်တပ်က မတ် ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဘယ်လာရုစ်နယ်စပ်မှ ၁၅ ကီလိုမီတာအကွာရှိ လေ့ကျင့်ရေးကွင်းထဲမှာ သံချပ်ကာယာဉ် ရေထဲနစ်မြုပ်နေတာကို လစ်သူယေးနီးယားစစ်တပ်က တွေ့ရှိခဲ့ပြီးနောက် မတ် ၂၅ ရက် မွန်းလွဲပိုင်းကတည်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။
လစ်သူယေးနီးယားနိုင်ငံဟာ အမေရိကန်စစ်သားတွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်တဲ့ ပဏာမ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ပါတယ်။
အမေရိကန်စစ်တပ်က ထုတ်ပြန်ချက်မှာတော့ ဘယ်လာရုစ်နယ်စပ်အနီး လစ်သူယေးနီးယား အရှေ့ပိုင်းရှိ ပါးဘရာ့ဒေမြို့အနီးမှာ တပ်မဟာ ၁ ၊ ခြေမြန်တပ်မ ၃ မှ တပ်သားအားလုံးဟာ အခင်းဖြစ်ပွားချိန်မှာ စီစဉ်ထားတဲ့အတိုင်း နည်းဗျူဟာပိုင်းအရ လေ့ကျင့်မှုတွေ လုပ်ဆောင်နေခဲ့ကြောင်း ဖော်ပြထားပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ နစ်မြုပ်နေတဲ့နေရာကို ဘယ်လောက်မြန်မြန် တူးထုတ်နိုင်မလဲလို့ စစ်ဆေးလုပ်ဆောင်နေကြောင်း လစ်သူယေးနီးယား ကာကွယ်ရေးဦးစီးချုပ် ရိုင်းမွန်းဒတ်စ် ဝိုက်ခ်စနောရာစ်က ပြောဆိုချက်နဲ့အတူ လစ်သူယေးနီးယားနဲ့ အမေရိကန် စစ်တပ် ၂ ဖွဲ့မှ အာဏာပိုင်တွေက ပျောက်ဆုံးနေတဲ့ စစ်သားတွေကို ညလုံးပေါက် ရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောကြားပါတယ်။
ဝါဆောကို ရောက်ရှိနေတဲ့ နေတိုးအတွင်းရေးမှူးချုပ် မတ်ခ်ရူတေ ကတော့ လစ်သူယေးနီးယား နိုင်ငံမှာ လေ့ကျင့်မှုအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့ကြောင်း မတ် ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
လေ့ကျင့်ရေးနေရာကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ရောက်လာခဲ့တဲ့ လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီး ဒိုးဗေးလ် ဆားကာ့ လယန့်နာ ကတော့ စစ်သားတွေရဲ့ ရုပ်အလောင်းတွေကို ရှာမတွေ့သေးကြောင်းနဲ့ သူတို့ကို သေဆုံးသွားပြီလို့ အတည်ပြုချက် မရှိသေးကြောင်း နောက်ပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။
၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်စစ်တပ်က တပ်ရင်းတွေဟာ စစ်စခန်းတွေမှာ အလှည့်ကျ အခြေစိုက်ခဲ့တာ ဖြစ်ပါတယ်။
Source : Reuters




