လစ်သူယေးနီးယားနိုင်ငံမှာ ဂျာမန်စစ်တပ် ထားရှိမယ့် အစီအစဉ်ဟာ တင်းမာမှုတွေကို တိုးလာစေလိမ့်မယ်လို့ ကရင်မ်လင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ် က ဧပြီ ၈ ရက်မှာ ပြောပါတယ်။
ပက်စ်ကို့ဗ်က “ဒါဟာ တင်းမာမှုတွေ ဆက်လက်ပြင်းထန်လာနေပြီး ရုရှားရဲ့နယ်နိမိတ်ဘေးမှာ အန္တရာယ်ရှိတဲ့ နယ်မြေတွေ ဖြစ်အောင် ဖန်တီးပေးနေတာဖြစ်လို့ ကိုယ်ပိုင်လုံခြုံရေးကို အာမခံနိုင်မယ့် အထူးအစီအမံတွေလုပ်ဖို့ တောင်းဆိုလိုက်တာပဲ” လို့ ပြောပါတယ်။
ရုရှားနဲ့ သူ့မဟာမိတ် ဘီလာရုစ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေတိုး စစ်မဟာမိတ် အဖွဲ့ဝင်လည်း ဖြစ်တဲ့ အီးယူအဖွဲ့ဝင် လစ်သူယေးနီးယားနိုင်ငံဟာ ၂၀၂၇ ခုနှစ်ကစပြီး ဂျာမန်တပ်ဖွဲ့ဝင် ၅,၀၀၀ ကို အမြဲတမ်း လက်ခံထားဖို့ တစိတ်တပိုင်း ငွေကြေးထောက်ပံ့မှာ ဖြစ်ကြောင်း လစ်သူယေးနီးယားက အစောပိုင်းမှာ ပြောပါတယ်။
ဧပြီ ၈ ရက်က ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်စ် ပစ်စ်တိုးရီးယပ်စ် ဟာ ဘာလင်-ဘရန်ဒန်ဘာ့ဂ် လေဆိပ်မှ လစ်သူယေးနီးယားကို ပျံသန်းလာတဲ့ ဘွန်းဒက်စ်ဗေယာ တပ်ဖွဲ့ဝင် ၂၀ ဦး ပါရှိတဲ့ ရှေ့ပြေးတပ်ဖွဲ့ကို ကြိုဆိုခဲ့ပါတယ်။
သူတို့ရဲ့ရည်မှန်းချက်က နေတိုးရဲ့ အရှေ့ဘက်ခြမ်းမှာ အင်အားပြည့် ဂျာမန်တပ်မဟာတခုကို လက်နက်အပြည့်အစုံနဲ့ တပ်ဖြန့်ချထားဖို့ ပြင်ဆင်ရေး ဖြစ်ပါတယ်။
ဘာလင်နဲ့ ဗီးလ်နီးယပ်စ် တို့ဟာ ၂၀၂၅ ခုနှစ်မှာ ဂျာမန်စစ်တပ် တည်ရှိမှုကို တိုးမြှင့်ဖို့ မနှစ်က သဘောတူခဲ့ပေမဲ့ နောက်ပိုင်းမှာ အချိန်ဇယား ပြောင်းလဲခဲ့ပါတယ်။
ရုရှားက ခရိုင်းမီးယားကို သိမ်းပိုက်ပြီး နှစ်နှစ်အကြာ ၂၀၁၆ ခုနှစ်မှာ နေတိုးဟာ ဘောလ်တစ်နိုင်ငံတွေနဲ့ ပိုလန်နိုင်ငံတို့ရဲ့ ကာကွယ်ရေးကို အားဖြည့်မယ့် ရည်ရွယ်ချက်နဲ့ ဝါဆော ထိပ်သီးအစည်းအဝေးမှာ ပိုမိုကောင်းမွန်တဲ့ ရှေ့ပြေး တပ်ချထားမှု အစီအစဉ်ကို လက်ခံ ကျင့်သုံးခဲ့ပါတယ်။ ဒီအစီအစဉ်မှာ အဲဒီနိုင်ငံတွေမှာ တပ်ရင်း ၄ ရင်း တိုက်ခိုက်ရေးအဖွဲ့ကို တပ်စခန်းချထားဖို့ မျှော်မှန်းထားတာပါ။
၂၀၁၇ ခုနှစ်ကတည်းက လစ်သူယေးနီးယားမှာ တပ်စွဲထားတဲ့ နိုင်ငံစုံ တပ်ရင်းတွေထဲမှာ ဂျာမနီဟာ ဦးဆောင်နိုင်ငံဖြစ်ပြီး ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ နယ်သာလန်၊ ခရိုအေးရှား၊ ချက်သမ္မတနိုင်ငံနဲ့ တခြားနိုင်ငံတွေ အပါအဝင် တခြားပံ့ပိုးကူညီတဲ့ နိုင်ငံတွေလည်း အားဖြည့်ထားကြတာပါ။
Source/Photo-Reuters