
ကနေဒါနိုင်ငံဟာ ဘယ်တော့မှ အမေရိကန်ရဲ့ အစိတ်အပိုင်း ဖြစ်မလာစေရဘူးလို့ ပါတီတွင်း ခေါင်းဆောင်ရွေးချယ်ပွဲမှာ အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်လာတော့မယ့် အာဏာရ လစ်ဘရယ်ပါတီခေါင်းဆောင် မာ့ခ်ကာနေးက ပြောကြားလိုက်ပါတယ်။
ကနေဒါဟာ အမေရိကန်ကို ဟော်ကီမှာနိုင်သလို ကုန်သွယ်ရေးမှာလည်း အနိုင်ရရမယ်လို့ ကာနေးက ကြွေးကြော်ခဲ့ပါတယ်။
မတ် ၉ ရက်က ပါတီတွင်း ခေါင်းဆောင်ရွေးပွဲမှာ အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ကာနေးဟာ မဲ ၈၆ ရာခိုင်နှုန်းအထိ အပြတ်အသတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပါတီဝင် တသိန်းခွဲကျော်ရဲ့မဲနဲ့ ပါတီခေါင်းဆောင်ကို ရွေးတာဖြစ်ပြီး လက်ရှိ အာဏာရပါတီ ဖြစ်တဲ့အတွက် ပါတီခေါင်းဆောင်ဟာ ဝန်ကြီးချုပ်လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။
ကာနေးဟာ ကနေဒါဗဟိုဘဏ်ဥက္ကဋ္ဌ တာဝန်သာမက အင်္ဂလန်ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ်ပါ တာဝန်ထမ်းဆောင်ဖူးတဲ့ ဘဏ္ဍာရေးပညာရှင် ဖြစ်ပါတယ်။ ကနေဒါ၊ ဗြိတိန်၊ အိုင်ယာလန် ၃ နိုင်ငံသား ခံယူထားသူလည်း ဖြစ်ပါတယ်။
ဆယ်စုနှစ်တခုနီးပါး တာဝန်ယူခဲ့တဲ့ ဂျက်စတင်ထရူးဒိုးအပေါ် လူကြိုက်များမှု ကျဆင်းလာခဲ့သလို ညွန့်ပေါင်းအစိုးရ ပြိုကွဲသွားခဲ့အပြီးမှာ ဝန်ကြီးချုပ်ရာထူးကရော၊ ပါတီခေါင်းဆောင်နေရာကပါ ဆင်းပေးမယ်လို့ ဇန်နဝါရီလကတည်းက ကြေညာထားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ထရူးဒိုးနေရာ ဆက်ခံဖို့ ပါတီတွင်း ပြိုင်ဘက် ၃ ယောက် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ကာနေးဟာ ဝန်ကြီးချုပ်ဖြစ်လာမှာ ဖြစ်ပေမဲ့ လွှတ်တော်အတွင်းမှာ လူနည်းစုအစိုးရကို ဦးဆောင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် မကြာခင် ရွေးကောက်ပွဲ စောခေါ်ပေးရမှာဖြစ်ပြီး အဲဒီလိုမလုပ်ရင် အတိုက်အခံပါတီတွေက ဒီလကုန်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖြုတ်ချတာခံရမှာ ဖြစ်ပါတယ်။
အာဏာရ လစ်ဘရယ်ပါတီအပေါ် လူထုထောက်ခံမှု ကျဆင်းနေတာကြောင့် ကွန်ဆာဗေးတစ်တွေပဲ ရွေးကောက်ပွဲနိုင်မယ်လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။
ဒါပေမဲ့ ထရမ့်ပ်ရဲ့ ကုန်သွယ်ရေးစစ်ပွဲနဲ့ ကနေဒါကို ၅၁ ခုမြောက်ပြည်နယ် သတ်မှတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် လူထုအမြင် ပြောင်းလဲလာပြီး လစ်ဘရယ်ပါတီအပေါ် လူထုထောက်ခံမှု ပြန်အားကောင်းလာခဲ့ပါတယ်။
Source: Reuters