Home
နိုင်ငံတကာ
ကနေဒါ၏ စိုက်ပျိုးရေးနှင့် စားသောက်ကုန်များကို တရုတ်တန်ပြန် အခွန်တိုးကောက်မည်
DVB
·
March 9, 2025
Photo: REUTERS/Martin Pollard

ကနေဒါနိုင်ငံရဲ့  ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံတန်ကြေးရှိတဲ့ စိုက်ပျိုးရေးနဲ့ စားသောက်ကုန်တွေကို တရုတ်နိုင်ငံက တန်ပြန် အခွန်တိုးမြှင့် ကောက်ခံမယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ကနေဒါနိုင်ငံရဲ့ အခွန်တိုးမြှင့်မှုကို တရုတ်က တန်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပြည်ပသွင်းကုန် ခွန်တိုးမြှင့်ရေး ခြိမ်းခြောက်မှုတွေကြောင့် ကနေဒါနဲ့ တရုတ်တို့ရဲ့ ကုန်သွယ်မှုစစ်ပွဲ စတင်တာဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ကနေဒါဟာ ပြီးခဲ့တဲ့ ၄ လက တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတွေ၊ သံနဲ့အလူမီနီယံ ထုတ်ကုန်တွေကို အခွန် ၁၀၀ ရာခိုင်နှုန်း နဲ့ ၂၀ ရာခိုင်နှုန်း ကောက်ခံခဲ့တာလိုမျိုး အခွန်ကောက်မှုကို မတ်လ ၂၀ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။

ဒီအခွန်ကောက်ခံမှုမှာ ကနေဒါရဲ့ တရုတ်ကို တင်ပို့မှု နံပါတ် ၁ နေရာမှာရှိတဲ့ ကနိုလာဆီ တင်ပို့မှုတော့ မပါဝင်ဘူးလို့ ဖော်ပြပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကနေဒါနဲ့ ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးမှုပြုလုပ်ဖို့ တံခါးဖွင့်ထားတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။

ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့က ကနေဒါနဲ့ မက္ကဆီကို ၂ နိုင်ငံ ကို ၂၅  ရာခိုင်နှုန်း အခွန်တိုးမြှင့်မှာဖြစ်လို့ တရုတ်နိုင်ငံရဲ့ အခွန်တိုးမြှင့်မှုက အမေရိကန်ရဲ့ ပြည်ပသွင်းကုန်ခွန်တိုးမြှင့်မှုကို ပြန်လည် သတိပေးမှုပြုလုပ်တာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ကနေဒါရဲ့ ကနိုလာဆီ၊ ဆီကြိတ်ဖတ်နဲ့ စားတော်ပဲတင်ပို့မှုတွေတန်ဖိုး ဒေါ်လာ ၁ ဘီလီယံအပေါ် ၁၀၀ ရာခိုင်နှုန်းအခွန်ကောက်မှာဖြစ်ပြီး ကနေဒါရဲ့ ရေထွက်ပစ္စည်းတွေနဲ့ ဝက်သားတင်ပို့မှုတန်ဖိုး ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ တန်ပြန်အခွန်ကောက်မှုနဲ့ ပတ်သက်ပြီး ပေကျင်းမြို့မှာရှိတဲ့ ကနေဒါသံရုံးကို ရိုက်တာက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

တရုတ်နိုင်ငံထုတ် EV ကားတွေကို အီးယူနဲ့ အမေရိကန်တို့က အခွန်တိုးမြှင့်ပြီးနောက်ပိုင်း ကနေဒါကလည်း အခွန်တိုးမြှင့်သတ်မှတ်မယ်လို့ ပြီးခဲ့တဲ့ဩဂုတ်လက ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက ပြောပါတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံကလည်း စက်တင်ဘာလက စတင်ကာ ကနေဒါရဲ့ ကာနိုလာ တင်ပို့မှုကို စုံစမ်းမှုတွေ စတင်ပြုလုပ်ခဲ့ဖူးပါတယ်။

ကနေဒါရဲ့ ကာနိုလာ တင်ပို့မှု တဝက်ကျော်က တရုတ်နိုင်ငံကို ပို့ရတာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ကာနိုလာကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံအထိ ရှိခဲ့ဖူးပါတယ်။

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013