
ဧရာဝတီတိုင်းမှာ တရားမဝင် စားသုံးဆီနဲ့ ဈေးမြှင့်တင် ရောင်းချပါက အရေးယူမယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေး ပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်ဆေးနေတယ်လို့ စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ တရားမဝင် စားသုံးဆီတွေ ရောင်းချခြင်း ရှိ မရှိနဲ့ ဈေးမြှင့်တင် ရောင်းချပါက အရေးယူမယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ ပူးပေါင်းအဖွဲ့တွေက မတ် ၅ ရက်နဲ့ ၆ ရက်တွေမှာ စတင် လိုက်လံစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ငပုတောမြို့ စားသောက်ကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ရဲတွေပါတဲ့အဖွဲ့က လာစစ်ဆေးတာ။ တရားမဝင် တင်သွင်းတဲ့ဆီတွေ မရောင်းဖို့ ပြောသွားတယ်။ ရောင်းတာတွေ့ရင်လည်း ဖမ်းဆီးအရေးယူမယ်တဲ့။ စားသောက်ကုန်ရောင်းချတဲ့ ဆိုင်တွေကိုပြ သီးသန့်စစ်ဆေးတာ။ စားဆီတွေကို ဈေးတက်ရောင်းတာ မလုပ်ဖို့လည်း ပြောသွားတယ်။ တရားမဝင်တင်သွင်းတဲ့ စားအုန်းဆီတွေ အရောင်းမခံဘဲ တရားဝင်တင်သွင်းရင်တော့ အခွန်အခ မနည်းကောက်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ဆေးတဲ့အဖွဲ့မှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စစ်ကောင်စီတပ်၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ စားသုံးသူရေးရာဌာနနဲ့ မြို့နယ်အဆင့် တာဝန်ရှိတဲ့သူတွေပါတဲ့ စစ်ဆေးရေးအဖွဲ့က စစ်ဆေးနေတာလို့ သိရပါတယ်။
ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဝင်တယောက်က “အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်နဲ့ စစ်ဆေး လုပ်ကိုင်ရတာပါ။ ဆိုင်တချို့မှာ ထိုင်းနိုင်ငံထုတ် တရားမဝင်ဆီတွေ ရောင်းချတာ တွေ့ရပါတယ်။ လောလောဆယ် သတိပေးတဲ့ အဆင့်လောက်ပဲ လုပ်ထားပါတယ်” လို့ ပြောပါတယ်။
အခုလို စစ်ဆေးတာတွေကို ငပုတော၊ သာပေါင်း၊ ပုသိမ်၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဖျာပုံ၊ ကျိုက်လတ် စတဲ့မြို့နယ်တွေက စားသောက်ကုန်နဲ့ ဆီအရောင်းဆိုင်တွေမှာ စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလက စက်သုံးဆီရောင်းချတဲ့ ဆိုင်တွေကို ဆီဆိုင်မပိတ်ဖို့နဲ့ ဈေးတင်ရောင်းချတာတွေ မပြုလုပ်ဖို့၊ အကန့်အသတ်နဲ့ ရောင်းချခြင်း မပြုလုပ်ဖို့ စစ်ကောင်စီတပ်ပါတဲ့ ပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်ဆေး သတိပေးတာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။