
ရွေးကောက်ပွဲထက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်အစိုးရရဲ့ တောင်းဆိုမှုအပေါ် မြန်မာ CDM သံတမန်တဦးက ကြိုဆိုကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၄ နှစ်ခွဲကြာသည့်တိုင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသား အများအပြားကို ဖမ်းဆီး ထိန်းသိမ်းထား ဆဲဖြစ်သလို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တခြားအကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး တိုးတက်မှု အရိပ်အယောင်မပြနိုင်သေးပါဘူး။
ဒီအခြေအနေမှာ စစ်တပ်က အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီး ၂၀၂၅ ဒီဇင်ဘာမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာခဲ့တာဟာ ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုတွေကို ပိုမို ခက်ခဲလာစေမှာဖြစ်ကြောင်း ဂျပန်နိုင်ငံအနနဲ့ လေလေးနက်နက် အလေးထားပြီး အလွန်စိုးရိမ်ပြီး အလွန်ဝမ်းနည်းရတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာခဲရှီအီဝါယာ က ထုတ်ပြန် ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံရောက် CDM သံတမန် ဦးအောင်စိုးမိုးက ကြိုဆိုကြောင်းနဲ့ ဒါဟာ စစ်တပ်ကလုပ်မည့် ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး ဂျပန်အစိုးရရဲ့ ရပ်တည်ချက်ကို ထင်ထင်ရှားရှားဖော်ပြ သတင်းစကားပါးလိုက်တာ လို့ယူဆပါတယ်လို့ လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့နဲ့ မြန်မာ့ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို အမြန်ပြန်လည်ထူထောင်ဖို့ ဂျပန်က ထပ်မံတိုက်တွန်းထားပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို ဂရုတစိုက်နားထောင်ပြီး သက်ဆိုင်သူ အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ မတ်လ အင်အားပြင်း ငလျင်ဒဏ်ကြောင့် မြန်မာပြည်သူတွေ အသက်မွေးဝမ်းကြောင်းပြုခြင်းနဲ့ ကာလရှည်ကြာ ပဋိပက္ခတွေကြောင့် အတိဒုက္ခရောက်နေရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီနဲ့ ပံ့ပိုးကူညီမှုတွေ တက်ကြွစွာပံ့ပိုးပေးသွားမယ်လို့ လည်း ဂျပန်အစိုးရပြောပါတယ်။
ဂျပန်အစိုးရဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့နဲ့ မြန်မာ့ဒီမိုကရေစီနိုင်ငံရေးစနစ်ကို အမြန်ပြန်လည်ထူထောင်ဖို့ အစဉ်တစိုက် တိုက်တွန်းနေတာ ဖြစ်ပါတယ်။
ဇော်ဇော်လှိုင်