Home
နိုင်ငံတကာ
အင်အားပြင်းငလျင်လှုပ်ခတ်အပြီး ဂျပန်တွင် ဆူနာမီသတိပေးချက် ထုတ်ပြန်
DVB
·
July 30, 2025
Photo :Reuters

ရုရှားနိုင်ငံ အရှေ့ဖျားဒေသ ကမ်ချတ်ကာကျွန်းဆွယ်မှာ ပြင်းအား ရစ်ချ်တာစကေး ၈ ဒသမ ၈ ရှိတဲ့ အင်းအားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာ ဂျပန်အစိုးရက နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းဒေသအတွက် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ငလျင်ကြောင့် ဝေးလံခေါင်သီတဲ့ ရုရှားဒေသမှာ အဆောက်အအုံတချို့ ပျက်စီးကာ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး ဆူနာမီ ငလျင်ရေလှိုင်း ၄ မီတာ (၁၃ ပေ) အထိ ဖြစ်ပေါ်ခဲ့တာကြောင့် ပစိဖိတ်သမုဒ္ဒရာတခွင်တပြင်မှာ သတိပေးမှုတွေနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရုရှားအရှေ့ဖျား ကမ်ချတ်ကာကျွန်းဆွယ်နဲ့ ဂျပန်နိုင်ငံတို့ဟာ ဘူမိဗေဒသဘောအရ မြေငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်တတ်တဲ့အထိ သက်ဝင်လှုပ်ရှားတဲ့ ပစိဖိတ်မီးကွင်းပေါ်မှာ တည်ရှိနေကြတာ ဖြစ်ပါတယ်။

ဂျပန်မိုးလေဝသအေဂျင်စီဟာ သူ့ရဲ့သတိပေးချက်ကို အဆင့်မြှင့်တင်ခဲ့ပြီး ဂရင်းနစ်စံတော်ချိန် ၁ နာရီမှစပြီး ကြီးမားတဲ့ ကမ်းရိုးတန်းဒေသတွေကို ၃ မီတာ (၁၀ ပေ) အမြင့်ထိ ဆူနာမီလှိုင်းလုံးကြီးတွေ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်

ဂျပန်ရဲ့ အရှေ့ဘက်ပင်လယ်ကမ်းရိုးတန်းနေ လူအများစုကို ဘေးလွတ်ရာ ရွှေ့ပြောင်းမိန့် ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံရဲ့ ပစိဖိတ်ကမ်းရိုးတန်းတလျှောက်ရှိ ကမ်းရိုးတန်းမြို့တွေမှာ ဆူနာမီသတိပေးသံတွေ ထွက်ပေါ်လာပြီး အာဏာပိုင်တွေက လူတွေကို ကုန်းမြင့်နေရာတွေကို ရှာဖွေထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ကျေးဇူးပြုပြီး ဘေးလွတ်ရာကို မြန်မြန်ရွှေ့ပြောင်းကြဖို့နဲ့ တတ်နိုင်သမျှ ကမ်းရိုးတန်းနဲ့ ဝေးရာကို မြန်မြန်သွားကြဖို့ ဂျပန်အများပြည်သူပိုင် ရုပ်သံလိုင်း NHK မှ သတင်းတင်ဆက်သူက ကြေညာထားပါတယ်။

ဂျပန်နိုင်ငံ ကမ်းရိုးတန်းမြို့ အာတာမိမှာလည်း ဘေးလွတ်ရာပြောင်းရွှေ့ဖို့ သတိပေးချက် ထုတ်ပြန်ထားပြီး အောက်ထပ်တွေမှာ နေကြသူတွေကို အရေးပေါ်လှေကားကိုသုံးပြီး ၄ ထပ် အထက်ကိုတက်ကြဖို့နဲ့ ၄ ထပ်နဲ့အထက်မှာ ရှိပြီးသား လူတွေကတော့ ကိုယ့်နေရာမှာကိုယ် ရှိနေသင့်ကြောင်း အလိုအလျောက် သတိပေး ကြေညာထားပါတယ်။ 

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးမှာလည်း ဆူနာမီသတိပေးတဲ့ ဥသြသံတွေ အော်မြည်နေကြပြီး ကမ်းရိုးတန်းအနီး မူကာဝါမြို့ရှိ အီဘူရီတိုဘူ မီးသတ်ဌာနထိပ်မှာလည်း လူတွေ လာရောက်ခိုလှုံခဲ့ကြပါတယ်။

ဟော့ကိုင်းဒိုးရှိ စက်ရုံလုပ်သားတွေနဲ့ ဒေသခံတွေကို သမုဒ္ဒရာကို အပေါ်စီးမှမြင်ရတဲ့ တောင်ကုန်းတခုဆီ ရွှေ့ပြောင်းခဲ့ကြောင်း TBS ရုပ်သံက ကြေညာခဲ့ပါတယ်။

ရုရှား၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုရှိ အလက်စကာနဲ့ ဟာဝိုင်အီရှိ ကမ်းရိုးတန်းတချို့မှာ လာမယ့် ၃ နာရီ အတွင်း အန္တရာယ်ရှိတဲ့ ဆူနာမီလှိုင်းလုံးကြီးတွေ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဂူအမ်ကျွန်းနဲ့ မိုက်ခရိုနီးရှား ကျွန်းစုတွေမှာလည်း ဆူနာမီသတိပေးချက် သက်ရောက်မှု ရှိခဲ့ပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013