
ဂျာမန် အိုလံပစ်ရွှေတံဆိပ် ၂ ဆုရှင် ဒါးလ်မိုင်ယာဟာ ပါကစ္စတန်မှာ တောင်တက်ရင်း မတော်တဆမှုတခုကြောင့် သေဆုံးသွားခဲ့ကြောင်း သူ့ရဲ့စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဇူလိုင် ၃၀ ရက်မှာ အတည်ပြုပါတယ်။
ဒါးလ်မိုင်ယာဟာ တနင်္လာနေ့ မွန်းလွဲပိုင်းလောက်က လိုင်လာတောင်ထိပ်က အမြင့်ပေ ၅,၇၀၀ မီတာလောက်မှာ အဲဒီမတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ပါကစ္စတန် အယ်လ်ပိုင်းကလပ်က အင်္ဂါနေ့မှာ ပြောကြားပါတယ်။
မြောက်ပိုင်း ဂီလ်ဂစ်-ဘာလ်တစ္စတန် ဒေသရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဟပ်ရှေးတောင်ကြားမှာ ဒါးလ်မိုင်ယာနဲ့ သူ့ရဲ့ တောင်တက်ဖော်တယောက်တို့ တောင်တက်နေချိန်မှာ ရုတ်တရက် ကျောက်တုံးပြိုကျမှုတခုကြောင့် ထိမှန်ခဲ့ပါတယ်။
ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် အဲဒီနေရာကို ကယ်ဆယ်ရေးရဟတ်ယာဉ် ရောက်လာဖို့ အခက်အခဲရှိခဲ့ပါတယ်။
ဒါးလ်မိုင်ယာကို ရှာဖွေဖို့ စေလွှတ်ခဲ့တဲ့ ဂျာမနီနဲ့ အမေရိကန်တို့က ကျွမ်းကျင် တောင်တက်သမားအဖွဲ့ ၂ ဖွဲ့တို့ဟာ သူ့ရဲ့သေဆုံးမှုကို အတည်ပြုခဲ့ကြောင်း ဒေသအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဖယ်ဇူလာ ဖရာ့ခ်က ပြောပါတယ်။
ဒါးလ်မိုင်ယာဟာ နိုင်ငံဖြတ်ကျော် စကိတ်စီးခြင်းနဲ့ ရိုင်ဖယ်သေနတ်ပစ်ခြင်းတို့ကို ပေါင်းစပ်ထားတဲ့ နော်ဒစ် စကိတ်စီးပြိုင်ပွဲမှာ ဆုတွေရခဲ့ဖူးသူဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံ အမျိုးသားတောင်တက်နဲ့ အမြင့်တက် အားကစားအဖွဲ့ချုပ်ဖြစ်တဲ့ အယ်လ်ပိုင်းကလပ်ကလည်း ဒါးလ်မိုင်ယာ သေဆုံးကြောင်းကို အတည်ပြုခဲ့ပါတယ်။ နိုင်ငံတကာ နော်ဒစ် စကိတ်စီးသမဂ္ဂကလည်း ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။
အလောင်းပြန်ယူဆောင်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ပေမဲ့ နောက်ဆုံးတော့ ဇူလိုင် ၂၉ ရက် ညနေပိုင်းမှာ ရပ်ဆိုင်းလိုက်ကြောင်း သူ့ရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါးလ်မိုင်ယာဟာ ချက်ချင်းသေဆုံးနိုင်ဖွယ် ရှိကြောင်းနဲ့ သူ့ရဲ့တောင်တက်ဖော် မာရီနာအီဗာ ခရောက်စ်မှာ အထိအခိုက်မရှိခဲ့ကြောင်းလည်း သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ပါတယ်။
“အခုလိုကိစ္စမျိုးမှာ သူ့ကို ဆယ်ယူနိုင်ဖို့ ဘယ်သူ့မှာမှ အသက်အန္တရာယ်မရှိသင့်ဘူး” လို့ လောင်ရာ ဒါးလ်မိုင်ယာရဲ့ ထုတ်ဖော်ရေးသားခဲ့တဲ့ သေတမ်းစာကိုလည်း ဖော်ပြခဲ့ပါတယ်။
“ဒီကိစ္စမှာ သူ့အလောင်းကို တောင်ပေါ်မှာပဲ ချန်ထားခဲ့ဖို့ ဆန္ဒရှိပြီး ဒါကလည်း သူ့ဆွေမျိုးတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီတယ်” လို့လည်း ပြောပါတယ်။
ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဖယ်ဇူလာ ဖရာ့ခ် ကတော့ ဒေသအာဏာပိုင်တွေဟာ သူ့မိသားစုရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေးပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါးလ်မိုင်ယာရဲ့ တောင်တက်ဖော် ခရောက်စ်ဟာ အခြေချစခန်းကို အောင်အောင်မြင်မြင် ပြန်ဆင်းသက်နိုင်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်ကြောင်းလည်း သူက ဆိုပါတယ်။
Photo:Reuters