
ဇူလိုင် ၃၁ ရက် အစောပိုင်းက ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာ လူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၅၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် နေရာ ၁၂ နေရာမှာ ပျက်စီးမှုတွေဖြစ်ပြီး မီးလောင်ကျွမ်းမှုတွေ ရှိခဲ့ကာ လူသေဆုံးမှုလည်း တိုးလာနိုင်ကြောင်း မြို့တော်စစ်အုပ်ချုပ်ရေးမှူး တက်ချန်ကိုက တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေကြားမှာ ပိတ်မိနေသူတွေကို ရှာဖွေနေပါတယ်။
အမေရိကန်နဲ့ အကြီးစားလက်နက်တွေ ရယူဖို့ အဓိကကျတဲ့မူတွေကို သဘောတူခဲ့ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
“လက်နက်ကြီးတွေအတွက် သဘောတူညီမှုတွေရဖို့ သမ္မတထရမ့်ပ်နဲ့ ကျနော် ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စတွေအားလုံး အောင်မြင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” လို့ ဇလန်းစကီးက မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဇလန်းစကီးက အမေရိကန်နဲ့ သဘောတူညီခဲ့တဲ့ အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။
ဒါ့အပြင် ဇလန်းစကီးက ငြိမ်းချမ်းရေးအတွက် ရုရှားကို ဖိအားပေးတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကိုတော့ ချီးကျူးခဲ့ပါတယ်။
ရုရှားဟာ ဇူလိုင် ၂၉ ရက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ယူကရိန်း အရှေ့တောင်ပိုင်းမှာရှိတဲ့ ဆေးရုံနဲ့ အကျဉ်းထောင်တခု ထိမှန်ခဲ့ပြီး လူ ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
Source: Reuters