
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဘရာဇီးနိုင်ငံအပေါ် ထပ်တိုးအခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံဖို့ လက်မှတ်ထိုးခဲ့တယ်လို့ အိမ်ဖြူတော်က ကြေညာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ဘရာဇီးနိုင်ငံကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်မယ်လို့ ထရမ့်ပ်က ပြောခဲ့ပြီး ရက် ၉၀ အကြာမှာ နောက်ထပ် ၄၀ ရာခိုင်နှုန်း အခွန်ထပ်တိုးခဲ့တာကြောင့် စုစုပေါင်း ၅၀ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။
ဘရာဇီးရဲ့ အရင်မူဝါဒတွေနဲ့ ထရမ့်ပ်အစိုးရရဲ့ သဘောထား မတိုက်ဆိုင်တာကြောင့်လို့လည်း အိမ်ဖြူတော်က ဆိုပါတယ်။
ကြေညာချက်ထုတ်ပြန်တဲ့ တနေ့တည်းမှာတင် ဘရာဇီးတရားရုံးချုပ်တရားသူကြီး အလက်ဆန်ဒရီး ဒီမိုးရာ့စ် ကိုလည်း အမေရိကန်အစိုးရက ပိတ်ပင်အရေးယူမှုတွေ ပြုလုပ်တဲ့အကြောင်း ကြေညာပါတယ်။
ဒီမိုးရာ့စ်ဟာ သမ္မတဟောင်း ဘော်ဆိုနာရိုကို အာဏာပိုင်တွေအလိုကျ တရားစွဲဆို ထိန်းသိမ်းမှုနဲ့ လွတ်လပ်စွာ ဖော်ပြခြင်းကို နှိပ်ကွပ်တာကြောင့်လို့ အမေရိကန်ရဲ့ စွပ်စွဲမှုတွေနဲ့ ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တာပါ။
အမေရိကန်ဟာ ဘရာဇီးရဲ့ ကုန်ပစ္စည်းတင်ပို့မှုကို အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။
ဘရာဇီးအပေါ် အခွန်ကောက်ခံမှုနှုန်းဟာ ဘော်ဆိုနာရိုကို တရားရုံးက စွဲချက်တွေနဲ့ တိုင်းတာပြီး ကောက်ခံတာ ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဘော်ဆိုနာရိုဟာ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံဟာ လိမ္မော်၊ ကော်ဖီနဲ့ ဘယ်ရီသီးတွေ အဓိကတင်ပို့တဲ့ နိုင်ငံဖြစ်ပြီး အမေရိကန်ကို ကော်ဖီနဲ့ လိမ္မော် တင်ပို့တဲ့ တတိယမြောက် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်ကိုတင်သွင်းတဲ့ ဘယ်ရီသီး အများစုကလည်း ဘရာဇီးနိုင်ငံကလာတာ ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံဟာ အမဲသား၊ သံနဲ့ တခြားကုန်ပစ္စည်းတွေလည်း အမေရိကန်ကို တင်ပို့နေတဲ့နိုင်ငံ ဖြစ်ပါတယ်။
အခွန် ၅၀ ရာခိုင်နှုန်း သတ်မှတ်ထားတာကြောင့် ဘရာဇီးနိုင်ငံဟာ အမေရိကန်ကို တင်ပို့တဲ့နိုင်ငံတွေအနက် အခွန်ကောက်ခံမှု အများဆုံးခံရတဲ့နိုင်ငံ ဖြစ်လာပါတယ်။
Source: Reuters