
ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ရုရှားရေနံအပေါ် အမေရိကန်ရဲ့ ဒုတိယအကောက်ခွန်ဥပဒေ ပြဋ္ဌာန်းချက်ကြောင့် တရုတ်ပြည်မကြီးအစိုးရက ရုရှားရေနံတွေကို ဆက်ဝယ်မယ်ဆိုရင် တရုတ်နိုင်ငံဟာ မြင့်မားတဲ့ အခွန်စည်းကြပ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဘက်ဆန့်က တရုတ်အရာရှိတွေကို ပြောခဲ့ပါတယ်။
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ အမေရိကန်နဲ့ တရုတ်တို့ကြား ကြီးကြီးမားမား အောင်မြင်မှုတွေကို ထုတ်မပြောသေးတဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲအပြီးမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်နဲ့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆင် ဂရေယာတို့ဟာ ဇူလိုင် ၂၉ ရက်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့တာပါ။
ဆွီဒင်နိုင်ငံ မြို့တော်မှာ နှစ်ရက်ကြာ ဆွေးနွေးအပြီး အမေရိကန်နဲ့ တရုတ်ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ ရက် ၉၀ အကောက်ခွန်ဆိုင်းငံ့မှု သက်တမ်းတိုးရေး ကြိုးပမ်းဖို့ သဘောတူခဲ့ကြပါတယ်။
အပြုသဘောဆောင်တယ်လို့ ဖော်ပြထားတဲ့ ဆွေးနွေးပွဲတွေဟာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံ နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုကို ပြန်ချိန်ညှိဖို့ နောက်ထပ်ခြေလှမ်းတရပ် ဖြစ်ပါတယ်။
“ကျနော်တို့က သူတို့ကို ထပ်လောင်းပြောပါတယ်။ ကျနော်တို့ လျှော့မချချင်ဘူး၊ မဟာဗျူဟာကျတဲ့ စက်မှုလုပ်ငန်းတချို့နဲ့ စွန့်စားဖို့ပဲလိုတယ်” လို့ ဘက်ဆန့်က ပြောပါတယ်။
အကောက်ခွန်အဆင့်တွေက ရေရှည်တည်တံ့မှုမရှိတဲ့ တရုတ်ရဲ့ ကုန်သွယ်မှုပိုငွေကို ထင်ဟပ်စေမယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အီရန်ရေနံတွေကို တရုတ်က ဝယ်နေတာနဲ့ မြေရှားသတ္တုဖြန့်ဖြူးမှု အရှိန်မြှင့်တာ အပါအဝင် ခေါင်းစဉ်တွေကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ဆွေးနွေးချက်တွေက အလှမ်းဝေးနေသေးတယ်လို့ ဘက်ဆန့်နဲ့ ဂရေယာတို့က ပြောပါတယ်။
ဘက်ဆန့်က သူနဲ့ ဆွီဒင်ဝန်ကြီးချုပ်တို့ဟာ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို ဆွေးနွေးခဲ့ကြပြီး ဆွီဒင်ခေါင်းဆောင်က ထောက်ခံတယ်လို့လည်း ပြောခဲ့ပါတယ်။
Source: Reuters