
ဥရောပသမဂ္ဂ (EU) က အမေရိကန်ဆီ တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် အခြေခံအကောက်ခွန် ၁၅ ရာခိုင်နှုန်း စည်းကြပ်မယ့် ကုန်သွယ်ရေး သဘောတူညီချက်တရပ်ကို ရရှိခဲ့ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့က ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။
စကော့တလန်နိုင်ငံ ဆော့သ်အယ်ရှာကောင်စီနယ်မြေထဲက ထရမ့်ပ် တန်းဘယ်ရီဟိုတယ်မှာ ကျင်းပတဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲအပြီး တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ လုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ခုလိုကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။
လက်ရှိ EU ရဲ့ အမေရိကန်ပြည်ထောင်စုဆီ သံမဏိနဲ့ အလူမီနီယံ တင်ပို့မှုအပေါ် တင်သွင်းခွန် ၅၀ ရာခိုင်နှုန်း စည်းကြပ်ထားပေမဲ့ ဆေးဝါးတွေကို သဘောတူညီချက်ထဲကနေ ဖယ်ထုတ်ထားပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေက ဒီသဘောတူညီချက်ကို “ကုန်သွယ်ရေးမျှတမှု” ပြန်လည်ရရှိရေးနဲ့ ပိုမျှတတဲ့ နှစ်လမ်းသွား ကုန်သွယ်မှုကို မြှင့်တင်ဖို့ ခြေလှမ်းအဖြစ် ဖော်ပြခဲ့ပေမဲ့ သဘောတူညီချက်အရ အမေရိကန်ပြည်ထောင်စုဟာ မဟာဗျူဟာမြောက် အမေရိကန်ပို့ကုန်တွေအတွက် အခွန်ကင်းလွတ်ခွင့်ကို အာမခံထားပြီး EU ကတင်ပို့မယ့် ကုန်ပစ္စည်းတွေအပေါ် ၁၅ ရာခိုင်နှုန်း ကျယ်ကျယ်ပြန့်ပြန့် အခွန်စည်းကြပ်ဖို့ ခွင့်ပြုထားပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ EU က အမေရိကန်ဒေါ်လာ ဘီလီယံ ၇၅၀ တန်ဖိုးရှိတဲ့ အမေရိကန် စွမ်းအင်ကို ဝယ်ဖို့ ကတိပြုထားပြီး အမေရိကန်မှာ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀၀ ကိုလည်း ကတိပြုထားပါတယ်။
သဘောတူညီချက်ဟာ အမေရိကန်မော်တော်ကားတွေ ဥရောပဈေးကွက်ဆီ ပြန်ဝင်နိုင်စေပြီး EU မှာ အမေရိကန်ရဲ့ စိုက်ပျိုးရေးပို့ကုန်တွေကို ပိုလက်လှမ်းမီနိုင်စေလိမ့်မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ပ်က အခိုင်အမာပြောပါတယ်။
အကောက်ခွန် ၁၅ ရာခိုင်နှုန်းဟာ အမြင့်ဆုံးသတ်မှတ်ချက် ဖြစ်တာကို သတိပြုမိပြီး ဒီသဘောတူညီချက်က နှစ်ဖက်စလုံးအတွက် တည်ငြိမ်မှုနဲ့ ကြိုတင်ခန့်မှန်းနိုင်မှုကို ပေးတယ်လို့ ဗွန်ဒါလေယန်က ပြောပါတယ်။
အနှစ်သာရပိုင်းနဲ့ ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်တွေ မချရသေးဘဲ တနင်္ဂနွေ သဘောတူညီချက်ရဲ့ အသေးစိတ် အချက်အလက်တွေကို လာမယ့် သီတင်းပတ်တွေအတွင်း ထုတ်ပြန်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း သူက ပြောပါတယ်။
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝပ်ဒ် လက်နစ်ခ်က သမ္မတထရမ့်ပ်ဟာ ကမ္ဘာပေါ်မှာ စီးပွားရေးအကြီးဆုံးနိုင်ငံတခုကို သော့ဖွင့်လိုက်ပြီလို့ ဆိုရှယ်မီဒီယာပေါ်ကနေ ချီးကျူးပြောဆိုခဲ့ပါတယ်။
EU ဟာ အမေရိကန်အတွက် ဒေါ်လာ ထရီလီယံ ၂၀ တန်တဲ့ စျေးကွက်ကို ဖွင့်လှစ်ပြီး အမေရိကန် မော်တော်ယာဉ်နဲ့ စက်မှုလုပ်ငန်းဆိုင်ရာ စံနှုန်းတွေကို ပထမဦးဆုံးအကြိမ် ချမှတ်မယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။
Source: Reuters