
အမေရိကန်ရေတပ် ဖျက်သင်္ဘောတစီးဟာ အီရန်နဲ့နီးကပ်တဲ့ ရေပြင်တလျှောက် ခုတ်မောင်းနေခဲ့လို့ လမ်းကြောင်းပြောင်းဖို့ သတိပေးခဲ့ကြောင်း အီရန်က ဇူလိုင် ၂၃ ရက်မှာ ပြောကြားပါတယ်။
အမေရိကန်ကာကွယ်ရေးအရာရှိတယောက်ကတော့ အပြန်အလှန် ဆက်ဆံရေးက ဘေးကင်းပြီး ကျွမ်းကျင်သေချာတဲ့ နည်းလမ်းနဲ့ဖြစ်တာကြောင့် သူ့မစ်ရှင်အပေါ် သက်ရောက်မှုမရှိကြောင်း ပြောဆိုပါတယ်။
အီရန်နိုင်ငံပိုင်မီဒီယာက ယူအက်စ်အက်စ် ဖှစ်တ်စ်ဂျဲရယ်လ် ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားတဲ့ ဖျက်သင်္ဘောရဲ့ မြင်ကွင်းအကွာအဝေးအတွင်း ရဟတ်ယာဉ် တစင်းကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် စစ်သင်္ဘောကို လမ်းကြောင်းပြောင်းဖို့ ရေဒီယိုသတိပေးချက် ဖြစ်ပုံရတဲ့ ထုတ်ပြန်ချက်ကိုလည်း သင်္ဘောသားတယောက်က ကြားရနိုင်ပြီး သင်္ဘောက အီရန်ရေပိုင်နက်ကို ချဉ်းကပ်လာနေတယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရိုက်တာမှ မေးမြန်းရာမှာ ဒီအဖြစ်အပျက်ဟာ အမေရိကန်ရေတပ် ဖျက်သင်္ဘောအပေါ် ဘာသက်ရောက်မှုမှ မရှိခဲ့ကြောင်းနဲ့ ဒီပြောဆိုချက်နဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့ အချက်အလက်တွေဟာ သတင်းမှားတွေကို ဖြန့်ဖို့ အီရန် အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ရဲ့ ကြိုးပမ်းမှုတွေဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးအရာရှိက ပြောပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့လက အမေရိကန်မှ အီရန် နျူကလီးယားစက်ရုံတွေအပေါ် တိုက်ခိုက်မှု အပြီးမှာ ဖြစ်ပွားခဲ့တာပါ။
၀ါရှင်တန်ကတော့ သူတို့ဟာအီရန်ရဲ့ နျူကလီးယားလက်နက်တွေ တီထွင်ထုတ်လုပ်ဖို့ ရည်ရွယ်တဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ စက်ရုံတွေကို တိုက်ခိုက်တာဖြစ်ကြောင်း ပြောခဲ့တာဖြစ်ပေမဲ့ တီဟီရန်ကလည်း သူ့ရဲ့နျူကလီးယား အစီအစဉ်ဟာ အရပ်ဘက်သုံး သက်သက်အတွက်သာ ဖြစ်ကြောင်း အခိုင်အမာပြောပါတယ်။
Source:Reuters