
ဩဂုတ် ၁ ရက်ကစပြီး အိန္ဒိယနိုင်ငံက သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇူလိုင် ၃၀ မှာ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့အစောပိုင်းက Truth Social ပို့စ်တခုမှာ ထရမ့်ပ်က “အိန္ဒိယဟာ ကျနော်တို့ရဲ့ မိတ်ဆွေဖြစ်ပေမဲ့ သူတို့ရဲ့ အခွန်အကောက်တွေက အလွန်မြင့်လို့ အမေရိကန်ပြည်ထောင်စုက အတော်လေးနည်းနည်းသာ အလုပ်လုပ်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံဟာ ဘယ်နိုင်ငံထက်မဆို ငွေကြေးနဲ့မဆိုင်တဲ့ ကုန်သွယ်မှုအတားအဆီး အပြင်းထန်ဆုံးရှိနေပြီး ရုရှားနိုင်ငံဆီက စစ်လက်နက်ပစ္စည်း အများစုကို အမြဲတမ်း ဝယ်ယူခဲ့သလို ရုရှားရဲ့ အကြီးဆုံး စွမ်းအင်ဝယ်ယူသူ ဖြစ်တယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။
အိန္ဒိယအစိုးရဟာ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ အမေရိကန်သမ္မတရဲ့ သဘောထားမှတ်ချက်ကို မှတ်သားထားပြီး သူ့ရဲ့ဂယက်ရိုက်ခတ်မှုတွေကို စစ်ဆေးနေတယ်လို့ အိန္ဒိယကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဧပြီ ၂ ရက်မှာ အမေရိကန်က “အပြန်အလှန်အခွန်စည်းကြပ်မှု” ကို ကြေညာပြီးတဲ့နောက် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမဲ့ ညှိနှိုင်းချက်က သောင်မတင် ရေမကျ ဖြစ်လာခဲ့ပါတယ်။
အိန္ဒိယဟာ စိုက်ပျိုးရေးနဲ့ နို့ထွက်ပစ္စည်း လုပ်ငန်းတွေကို ကာကွယ်ဖို့ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ ရပ်တည်ခဲ့ပါတယ်။
နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏဟာ ၂၀၂၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂၈ ဒသမ ၈ ဘီလီယံလောက်ရှိပြီး အိန္ဒိယဟာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၈ ဘီလီယံလောက် ရှိတယ်လို့ အမေရိကန် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနက ပြောပါတယ်။
Source: Reuters