Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ၄ ရက်အတွင်း လူငယ် ၅၀ နီးပါး ပေါ်တာဆွဲခံရ
DVB
·
July 30, 2025
File Photo

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဇူလိုင် ၂၆ ရက်ကစပြီး ပေါ်တာဆွဲ ဖမ်းဆီးနေတာတွေကြောင့် လူငယ် ၅၀ နီးပါး ပေါ်တာဆွဲခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဝမ်းတွင်းမြို့နယ်အခြေစိုက် မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Wundwin အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “ဝမ်းတွင်းအနောက်ပိုင်းမှာရှိတဲ့ ရွာတွေက လူငယ်တွေ အများဆုံး ပေါ်တာဆွဲခံရတယ်။ မိတ္ထီလာ-ပင်းတလဲ လမ်းပေါ်မှာလည်း ဆွဲတယ်။ ၂၆ ရက်နေ့ကနေ ၂၉ ရက်အထိဆို ၄ ရက်အတွင်း ကျနော်တို့ဘက်ကရထားတဲ့ စာရင်းတွေအရ လူငယ် ၅၀ နီးပါး ပေါ်တာ​ဆွဲခံလိုက်ရတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝမ်းတွင်းမြို့နယ် အနောက်ခြမ်းမှာရှိကြတဲ့ ကျောင်းကုန်း၊ အိုမတွေ့၊ သဖန်း၊ ရွှေတွင်းတူးဆည်၊ စိန်ပန်းပင်၊ ခံဘဲ့၊ ပန်းကြိုင်၊ မင်းကုန်း၊ ဆည်ရွာတွေအပြင် ခင်ကြီး၊ နဘဲကန်၊ ကျောက်ပုံကုန်း ကျေးရွာတွေနဲ့ ဝမ်းတွင်းမြို့ပေါ်က လူငယ်တွေကို လူနေအိမ်တွေထဲအထိ အတင်းအဓမ္မ ​လိုက်လံပေါ်တာဆွဲ ဖမ်းဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

Wundwin Township Revolution Force မှ တာဝန်ရှိသူတယောက်က “ဒီကောင်တွေ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၆ အတွက် ပေါ်တာလိုက်ဆွဲနေတာ။ ဒီမြို့နယ်ထဲမှာ ဒီတခါဆွဲတာ တော်တော်ကြမ်းတယ်။ ပေါ်တာလိုက်ဆွဲတဲ့ကောင်တွေက မိတ္ထီလာလေတပ်ကကောင်တွေလို့ သိရတယ်။ ကားတွေနဲ့ ပတ်ဆွဲနေတာ။ ပေါ်တာဆွဲခံရသူတွေကိုတော့ မိတ္ထီလာဘက်ကို ခေါ်သွားတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်ထဲက လူငယ်တွေအနေနဲ့လည်း သတိဝီရိယနဲ့ သွားလာနေထိုင်ကြဖို့အပြင် ​တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဝင်ရောက်ပြီး အဆုံးသတ်တော့မယ့် တော်လှန်ရေးအတွင်း ပူးပေါင်းပါဝင်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မတရား ပေါ်တာဆွဲခံရသူတွေ အနေနဲ့လည်း လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပူးပေါင်းကြဖို့ Wundwin Township Revolution Force က တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013