Home
အနုပညာ
ခီမောင်နှံ ရိုက်ကူးသည့် ထာဝရနှောင်ကြိုး ရုပ်ရှင် ပြည်ပနိုင်ငံများ၌ ပြသမည်
DVB
·
July 28, 2025

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမတိုင်ခင်ကာလ ရုံမတင်ခင်ကတည်းက လက်မှတ်အရောင်း စံချိန်ချိုးခဲ့တဲ့ ထာဝရနှောင်ကြိုး မြန်မာရုပ်ရှင်ကားကို ပြည်ပနိုင်ငံတွေမှာ ရုံတင် ပြသတော့မယ့်အကြောင်း ဒါရိုက်တာ ခရစ္စတီးနားခီက ထုတ်ဖော်ပြောပါတယ်။ 

ဒီကားကိုတော့ Central Base Productions က စီစဉ်ပြီး ခရစ္စတီးနားခီက တတိယမြောက် ရုပ်ရှင်ကားအနေနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ 

အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ပရိသတ်အချစ်တော် မင်းသား ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပြီး ဒီရုပ်ရှင်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဇာတ်ကားထဲမှာ ပါဝင်အသုံးပြုထားတဲ့ ဂီတပိုင်းကိုတော့ ဇဏ်ခီက တာဝန်ယူထားကာ  ဇာတ်ဝင်သီချင်း ၆ ပုဒ်ထိ ထည့်သွင်း အသုံးပြုထားပါတယ်။ 

လတ်တလောမှာတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ခရစ္စတီးနားခီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ခုလိုရေးသားမျှဝေထားပါတယ်။

“ရုပ်ရှင်ပြပါတော့မယ်။ ဒီလိုမျိုး မကြေညာခဲ့ရတာ ၅ နှစ်ကျော်ခဲ့ပါပြီ။ ဒါကြောင့် ဝမ်းသာ၊ ဝမ်းနည်း ဖြစ်ရတယ်ဆိုတာ ဝန်ခံပါရစေ။ ၅ နှစ်ကျော်မှာ အနုပညာသည်ဘဝရဲ့ ကိုယ့်အနုပညာကို ပြန်ချပြဖို့ အခွင့်အလမ်းပေါ်လာတာဟာ အလွန်ဝမ်းသာမိပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်မျိုးမှာ ရုပ်ရှင်ကြော်ငြာ လုပ်ရတာတော့ အားနာမိပါတယ်။ အားလုံးလည်း နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။”

ဒါ့အပြင် သူတို့ ဇနီးမောင်နှံ မြန်မာပြည်မှာ ပြန်လည်နေထိုင်ခဲ့တဲ့ အချိန် ၁၃ နှစ်ခွဲ ကာလမှာ ရုပ်ရှင်ကား ၃ ကားကိုသာ ရိုက်ခဲ့တဲ့အကြောင်းနဲ့ ဒီအထဲကမှ နောက်ဆုံးရိုက်ကူးထားတဲ့ ထာဝရနှောင်ကြိုး ကို အရင်ပြန်ပြပေးသွားမယ်လို့ ဆိုပါတယ်။

ဩစတြေးလျနိုင်ငံ၊ ပါ့သ်မြို့မှာတော့ တနေ့တည်း မုဒြာရဲ့ခေါ်သံ နဲ့ ထာဝရနှောင်ကြိုး ရုပ်ရှင်တွေကို Movie Marathon အနေနဲ့ပြမှာဖြစ်ပြီး ကျန်တဲ့နိုင်ငံတွေမှာတော့ ထာဝရနှောင်ကြိုး ရုပ်ရှင်ကိုပဲ အရင်ပြသသွားမယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်တုန်းကတော့ All About The Numbers အမည်နဲ့ ရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်‌နေရာတွေအတွက် Casting ခေါ်ယူခဲ့တာကို တွေ့ရပါတယ်။

ခီမောင်နှံကိုတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ အရွေ့တခုအနေနဲ့ ပရိသတ်တွေ သိထားပြီး ဖြစ်သလို “ဥပါယ်တံမျဉ်” ရုပ်ရှင်နဲ့အတူ သမားရိုးကျ မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲက သိသိသာသာ ကွဲထွက်ကာ ပရိသတ် နှစ်ခြိုက်မှုကို အရယူနိုင်ခဲ့ပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ ရရှိထားတဲ့ ဒုတိယမြောက် ရုံတင်တဲ့ “မုဒြာရဲ့ခေါ်သံ" ရုပ်ရှင်ဇာတ်ကားကိုလည်း ပရိသတ်တွေ အသိအမှတ်ပြုခဲ့ကြပြီး ထင်ရှားလာခဲ့တာပါ။

ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာ နောက်ဆုံးရုံတင်ပြသခဲ့တဲ့ “ထာဝရ‌‌‌နှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားဟာလည်း ရက်သတ္တပတ် ၁၈ ပတ်တိတိ ရုံတင်ပြသနိုင်ခဲ့ပြီး အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့တာပါ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာတော့ သူတို့ ဇနီးမောင်နှံဟာ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တာကြောင့် စစ်ကောင်စီက ဧပြီ ၁၇ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးမှ ပြန်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ 

လတ်တလောမှာတော့ ခီမောင်နှံဟာ ပြည်ပမှာ နေထိုင်နေပြီး တော်လှန်ရေးမှာ အနုပညာနဲ့ တဖက်တလမ်းက ဆက်လက်ပါဝင်နေကြပါတယ်။

Source:  Christina Kyi

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013