Home
အနုပညာ
ခီမောင်နှံ ရုပ်ရှင်ပြန်ရိုက်မည်၊ သရုပ်ဆောင်နေရာများအတွက် လူ ၈၀၀ ကျော် လျှောက်ထား
DVB
·
May 6, 2024
KyiCoupleFilm_06052024

ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား ဇဏ်ခီ ဇနီးမောင်နှံ ရုပ်ရှင်ပြန်ရိုက်ကူးသွားဖို့ ရှိနေပြီး ပါဝင်မယ့် သရုပ်ဆောင်‌နေရာတွေအတွက် Casting ခေါ်ယူရာမှာ လျှောက်ထားသူ ၈၀၀ ကျော်ထိ ရှိနေတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ All About The Numbers အမည်နဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ရဲ့  Casting လျှောက်ထားသူ ၈၀၀ ကျော်ထဲက တဝက်ပဲကြည့်ရသေးကြောင်းနဲ့ လူ ၁၀၀ ကျော်ကို လူတွေ့ခေါ်ယူသွားဖို့ အကြောင်းလည်းကြားထားပြီးဖြစ်တယ်လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

“နောက်ထပ်ပေးပို့လာတဲ့ video များကိုလည်း ဆက်လက်ကြည့်ရှုနေဆဲပါ။ ပါဝင် လျှောက်ထားသူများထဲမှ တချို့ နိုင်ငံရပ်ခြားများမှရော နေရာအနှံ့အပြားမှ video ပေးပို့ လျှောက်ထားသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ လူတွေ့ဖို့ ရွေးချယ်တဲ့အခါမှာ ကာရိုက်တာနဲ့ လိုက်ဖက်ညီမှုကို စစ်ဆေးရသလို၊ ဝေးလံတဲ့နေရာတွေမှ လာရမှာကိုပါ ထည့်သွင်းပြီး စဉ်းစားရတာမျိုးတွေရှိတာကြောင့် မရွေးခံရခဲ့ရင် နားလည်ပေးဖို့ မေတ္တာရပ်ခံပါရစေ။”

အခုထပ်မံကြေညာတာကတော့ All About The Numbers ရုပ်ရှင်ဇာတ်လမ်းဟာ ကာရိုက်တာ အများအပြား ပါဝင်နေတာကြောင့် တချို့ကာရိုက်တာတွေ လာရောက်လျှောက်ထားသူ နည်းနေသေးတာကြောင့် ဖြစ်ပြီး အဓိကဇာတ်ကောင် (ကိုဇဏ်ခီ) ရဲ့ ဇနီးအဖြစ် သရုပ်ဆောင်အမျိုးသမီးတဦးနဲ့ နောက်ထပ် အဓိကဇာတ်ဆောင် အမျိုးသမီးတဦး (ခန္ဓာကိုယ် အသင့်အတင့်လှပပြီး ကင်မရာ မရှက်သူ၊ open type ဖြစ်သူ) အသက် ၃၅ နှစ်ကနေ ၄၅ နှစ်တို့နဲ့အတူ အမျိုးသားလူကြီး ၂ ဦး အသက် ၅၀ မှ ၆၀ ဝန်းကျင် confident ရှိပြီး လုပ်ငန်းရှင် Type မျိုး ၂ ဦးနဲ့ နိုင်ငံခြားသူ မြန်မာစကားအနည်းငယ်ပြောတတ်သူ အသက် ၃၅ နှစ်ကနေ ၄၅ ရှိသူတို့ကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင်ရွေးချယ်မှု လျှောက်ထားရာမှာတော့ အမည်၊ အသက်၊ အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ လက်ရှိ နေထိုင်တဲ့မြို့၊ မိမိဘဝမှာ သဘောအကျဆုံး Idol တယောက် ရဲ့ အမည်၊ သဘောကျရတဲ့ အကြောင်းရင်း စတာတွေကို ဖြေကြားပြီး ဗီဒီယိုရိုက်ကူးပေးပို့ရမှာဖြစ်သလို အနီးကပ်မရိုက်ဘဲ ခန္ဓာကိုယ်အချိုးအစား၊ ပုံပန်းသဏ္ဌာန်ကို ထင်သာမြင်သာရှိစေမယ့် ရှုထောင့်တွေက ရိုက်ကူးပေးပို့ရမှာ ဖြစ်ပါတယ်။

အခုခေါ်ယူမှုမှာတော့ ပြီးခဲ့တဲ့ မေ ၁ ရက်မတိုင်ခင်က လျှောက်ထားပေးပို့ပြီးသူတွေ ထပ်မံပေးပို့ဖို့ မလိုဘဲ ပထမအဆင့် ရွေးချယ်ခံရပါက ဒုတိယအဆင့် လူတွေ့ရွေးချယ်မှုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်မှာမို့ မိမိအစီအစဉ်နဲ့ လာနိုင်၊ မလာနိုင် ဖြေကြားဖို့ လိုတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒုတိယအဆင့် လူတွေ့ရွေးချယ်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ အင်တာ ဗျူးအဖြေတွေကို လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေးသားဖော်ပြခြင်း မပြုဖို့နဲ့ ပထမ အဆင့် ရွေးချယ်ခံရသူတွေကို တပတ်အတွင်း ဒုတိယအဆင့်လူတွေ့သရုပ်ဆောင်ရွေးချယ်မှုအတွက် အကြောင်းပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

ခီမောင်နှံကိုတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ အရွေ့တခုအနေနဲ့ ပရိသတ်တွေ သိထားပြီး ဖြစ်သလို “ဥပါယ်တံမျဉ်” ရုပ်ရှင်နဲ့အတူ သမားရိုးကျ မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲက သိသိသာသာ ကွဲထွက်ကာ ပရိသတ် နှစ်ခြိုက်မှုကို အရယူနိုင်ခဲ့ပြီး နိုင်ငံတကာ ရုပ်ရှင် ပွဲတော်တွေမှာ ဆုတွေ ရရှိထားတဲ့ ဒုတိယမြောက် ရုံတင်တဲ့ “မုဒြာရဲ့ခေါ်သံ" ရုပ်ရှင်ဇာတ်ကားကိုလည်း ပရိသတ်တွေ အသိအမှတ်ပြုခဲ့ကြပြီး ထင်ရှားလာခဲ့တာပါ။

ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာ နောက်ဆုံးရုံတင်ပြသခဲ့တဲ့ “ထာဝရ‌‌‌နှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားဟာလည်း ရက်သတ္တပတ် ၁၈ ပတ်တိတိ ရုံတင်ပြသနိုင်ခဲ့ပြီး အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာတော့ သူတို့ ဇနီးမောင်နှံဟာ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တာကြောင့် စစ်ကောင်စီက ဧပြီ ၁၇ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးမှ ပြန်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။လတ်တလောမှာတော့ ခီမောင်နှံဟာ ပြည်ပမှာ နေထိုင်နေပြီး တော်လှန်ရေးမှာ အနုပညာနဲ့ တဖက်တလမ်းက ဆက်လက်ပါဝင်နေကြပါတယ်။

Photo Credit- Christina Kyi

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013