
ဇော်မင်း (အမည်လွှဲ) ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့သူတယောက်ပါ။ ဒါပေမဲ့ သူ့ဇာတိမြေအတွက်တော့ ရင်ထဲမှာ နာကျင်ခံစားနေရပါတယ်။ မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့ ဖြိုခွင်းမှုတွေနဲ့ ပြည်တွင်းစစ်သတင်းတွေကို မျက်ခြည်မပြတ်စောင့်ကြည့်ရင်း သူ့မွေးရပ်မြေဟာ လူတွေဖန်တီးလိုက်တဲ့ ကပ်ဘေးကြီးတခုထဲ တဖြည်းဖြည်း ကျရောက်သွားတာကို သူ မြင်နေရပါတယ်။
လတွေကြာလို့ သတင်းဆိုးတွေ ပိုကြားလာရတဲ့အခါ ဇော်မင်းဟာ သေးငယ်တဲ့ အပြုအမူလေးနဲ့ပဲဖြစ်ဖြစ် တခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူ့သူငယ်ချင်းတွေနဲ့အတူ မြန်မာပြည်က စစ်ဘေးရှောင်တွေအတွက် လမ်းပေါ်ထွက် အလှူခံခဲ့ပါတယ်။
ဒီလို ပရဟိတအလုပ်ကပဲ သူ့ကို ဒုက္ခရောက်စေခဲ့ပါတယ်။ ထိုင်းအမျိုးသားရေးသမားတစုက သူ့ကို တားဆီးပြီး သူ့ပစ္စည်းတွေကို သိမ်းလိုက်ပါတယ်။ နောက်ပြီး ခွင့်ပြုချက်မရှိဘဲ အလှူခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဲစခန်းကို ခေါ်သွားခံရပါတော့တယ်။
“ရဲစခန်းကို ခေါ်သွားတုန်းကဆို ကြောက်လွန်းလို့ တကိုယ်လုံးထူပူသွားတာပဲ” လို့ ဇော်မင်းက ပြန်ပြောပြပါတယ်။ တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ရှိနေပေမဲ့ အဆိုးဆုံးထိတွေးပြီး သူစိုးရိမ်နေခဲ့တာပါ။ “ကျနော့်ကို ပြည်နှင်ဒဏ်များ ပေးတော့မလားဆိုပြီး တွေးနေမိတာ။ မြန်မာပြည်ပြန်ပို့ခံရပြီး အတင်းအဓမ္မစစ်မှုထမ်းခိုင်းမှာကို ကျနော် သိပ်ကြောက်ခဲ့တာ” လို့ ဇော်မင်းက ဆိုပါတယ်။
သူ အကြောက်ဆုံးအရာတွေက တကယ်ဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့ ၁၉၄၄ ခုနှစ်ကတည်းက ရှိခဲ့ပြီး လူသိပ်မသိတဲ့ အလှူခံခြင်းကို တားမြစ်တဲ့ ဥပဒေတခုကို ချိုးဖောက်မှုနဲ့ ဒဏ်ငွေအများကြီး ပေးဆောင်ခဲ့ရပါတယ်။ သူ့အလှူငွေတွေလည်း အသိမ်းခံလိုက်ရပါတယ်။ ဒီအတွေ့အကြုံကြောင့် တရားဝင် အထောက်အထားအပြည့်အစုံနဲ့ အလုပ်သမားတယောက်ဖြစ်နေပေမဲ့ နောက်ထပ် ရန်ပုံငွေရှာဖို့၊ လှုပ်ရှားမှုတွေလုပ်ဖို့ သူ စိတ်ဓာတ်ကျသွားခဲ့ပါတယ်။
"ရွှေ့ပြောင်းအလုပ်သမားတွေဟာ သာမန်ပြည်သူတွေနဲ့ ဥပဒေစိုးမိုးရေးအရာရှိ နှစ်ဖက်လုံးဆီက ရန်လိုမှုတွေကို အခုချိန်မှာ အတော်လေးခံစားနေရတယ်" လို့ ဇော်မင်းက ပြောပါတယ်။
“တနေ့ထက်တနေ့ အခြေအနေက ပိုပြီးတင်းမာလာတယ်။”
ထိုင်းနိုင်ငံဟာ အိမ်နီးချင်းမြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်အများအပြားကို လက်ခံထားတာ ကြာပါပြီ။ ဒါပေမဲ့ ပြည်တွင်းစစ်ကြောင့် လူတွေဟာ အလုပ်အကိုင်နဲ့ လုံခြုံရေးအတွက် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြလို့ ရွှေ့ပြောင်းဝင်ရောက်မှုဟာ အဆမတန် မြင့်တက်လာခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ အခုဆိုရင် ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၄ ဒသမ ၁ သန်းလောက် နေထိုင်နေကြပြီး သူတို့ထဲက တဝက်လောက်ဟာ မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။
ဒီလို အလုံးအရင်းနဲ့ ဝင်ရောက်လာတာကို ထိုင်းမီဒီယာအများစုက ချဲ့ကားပြီး သတင်းတွေ ရေးသားကြတာကြောင့် ထိုင်းနိုင်ငံသားတွေကြားမှာ စိုးရိမ်မှုတွေ တိုးပွားလာခဲ့ပါတယ်။ ထိုင်းလူမှုကွန်ရက်ပေါ်မှာဆိုရင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို “အလုံးအရင်းနဲ့ပြောင်းလာနေပြီ၊ ထိုင်းလူမျိုးတွေရဲ့ အလုပ်တွေကို လုနေပြီ၊ နိုင်ငံရဲ့ ရန်ပုံငွေနည်းပါးတဲ့ ကျန်းမာရေးစနစ်ကို ဝန်ပိအောင် လုပ်နေကြပြီဆိုတဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောဆိုလာကြပါတယ်။ ဒါပေမဲ့ ဒီအွန်လိုင်းပေါ်က ဆွေးနွေးမှုတွေကို သေချာစုံစမ်းကြည့်တဲ့အခါမှာတော့ လမ်းလွှဲစေတဲ့ အကြောင်းအရာတွေ၊ သတင်းတုတွေ၊ မြန်မာနိုင်ငံသားတွေအပေါ် ယေဘုယျဆန်ဆန် စွပ်စွဲချက်တွေနဲ့ ပြည့်နှက်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပစ်မှတ်ထားတဲ့ အမုန်းစကားတွေ၊ နိုင်ငံရေးသမားတွေကို မြန်မာတွေနဲ့ပေါင်းပြီး ထိုင်းအမျိုးသားအကျိုးစီးပွားကို ထိခိုက်အောင်လုပ်နေတယ်လို့ စွပ်စွဲပုံဖော်ဖို့ ကြိုးပမ်းချက်တွေ ပျံ့နှံ့နေတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
အမှန်တဝက်၊ အမှားတဝက် သတင်းတွေနဲ့ ဖန်တီးထားတဲ့ ဒေါသတွေကြားမှာ သြဇာရှိတဲ့ တက်ကြွလှုပ်ရှားသူအသစ်တမျိုး ပေါ်ထွက်လာပါတယ်။ “နိုင်ငံတော်ကို သစ္စာဖောက်တယ်” လို့ သူတို့ယူဆတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အွန်လိုင်းကနေတင်မကတော့ဘဲ တကယ့်လက်တွေ့ မြေပြင်မှာပါ အကြမ်းဖက်တိုက်ခိုက်တဲ့အထိ လုပ်ဆောင်လာကြပါတယ်။ တချိန်တုန်းက အလုပ်သမားတွေ အားကိုးခဲ့ရတဲ့ ထိုင်းနိုင်ငံဟာ အခုအခါမှာ အလုပ်သမားတွေကို ရန်လိုတဲ့ နေရာတခု ဖြစ်လာနေပြီလား။
“မြန်မာပြည်သူ့ပါတီ”
အသက် ၃၃ နှစ်အရွယ် တီဆာနာ ချွန်ဟန်ဗန်ဟာ ပြည်သူ့ပါတီ (People's Party) ရဲ့ အသက်အငယ်ဆုံး လွှတ်တော်အမတ်သစ်တဦး ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မေလမှာ ရွေးကောက်ခံခဲ့ရတာမို့ လွှတ်တော်အမတ်သက်တမ်း သိပ်မကြာသေးပေမဲ့ သူ့ပါတီကို လှုပ်ခတ်စေခဲ့တဲ့ အကြီးမားဆုံး နိုင်ငံရေးမုန်တိုင်းကြီးရဲ့ ဗဟိုချက်မမှာ သူရှိနေခဲ့ပါတယ်။
အငြင်းပွားမှုကတော့ စက်တင်ဘာလတုန်းက လွှတ်တော်မှာ သူပြောခဲ့တဲ့ မိန့်ခွန်းကနေ စတင်ခဲ့တာပါ။ သူက လက်ရှိအစိုးရကို နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာမှုအကူအညီပေးဖို့နဲ့ သူတို့ရဲ့ ဒုက္ခသည်အခွင့်အရေးတွေကို အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။
သူ့ရဲ့တောင်းဆိုမှုဟာ အံ့အားသင့်ရလောက်အောင် ပြင်းထန်တဲ့တုံ့ပြန်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ ရှေးရိုးစွဲဝေဖန်သူတွေက တီဆာနာရဲ့ တောင်းဆိုမှုဟာ အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့၊ နေရာလွဲနေတဲ့ ကရုဏာတရားလို့ ရှုတ်ချခဲ့ကြပါတယ်။ ပါတီကို မထောက်ခံသူတွေကတော့ ထိုင်းပြည်သူတွေထက် ဒုက္ခသည်တွေကို ပိုဦးစားပေးတဲ့ “မြန်မာပြည်သူ့ပါတီ” ဆိုပြီးတောင် နာမည်ပြောင်ပေးခဲ့ကြပါတယ်။
နာရီပိုင်းအတွင်းမှာပဲ #PeoplesPartyofMyanmar ဆိုတဲ့ hashtag နဲ့ တီဆာနာကို ဝေဖန်တဲ့ ပို့စ်တွေဟာ လူမှုကွန်ရက်ပေါ်မှာ ပလူပျံသွားခဲ့ပါတယ်။
လူအများက သူတို့ရဲ့ အမာခံနယ်မြေလို့ သတ်မှတ်ထားတဲ့ နေရာမှာတောင် လူငယ်ကို အခြေခံတဲ့ပါတီတခု ပြည်သူ့ဆက်ဆံရေး (PR) အရ ရှုံးနိမ့်သွားတာဟာ ရှားရှားပါးပါး ဖြစ်ရပ်တခုလို့ ဆိုရမှာပါ။ မြန်မာ့ရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ တီဆာနာနဲ့ တခြားအမတ်တွေရဲ့ Photoshop ဓာတ်ပုံတွေဟာ အင်တာနက်သုံးစွဲသူတွေကြားမှာ လူကြိုက်များတဲ့ ဟာသတခုလို ဖြစ်လာခဲ့ပါတယ်။
တီဆာနာက “ကျမရဲ့ Facebook မှာ Follower ၁၀,၀၀၀ လောက်ပဲရှိခဲ့တာ။ မြန်မာဒုက္ခသည်တွေအကြောင်း မိန့်ခွန်းပြောပြီးနောက်မှာတော့ ကျမ Inbox ထဲကို Message ပေါင်း ၃၀,၀၀၀ လောက် ရောက်လာခဲ့ပါတယ်။ အမည်မသိ Account တွေလည်း ပါတယ်” လို့ ပြောပါတယ်။
အများစုက သူ့ကို "မြန်မာအမတ်" လို့ လှောင်ပြောင်တာတွေ၊ မြန်မာပြည်ကို ပြောင်းနေဖို့ အကြံပေးတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
HaRDstories ရဲ့ လေ့လာမှုအရ “မြန်မာပြည်သူ့ပါတီ” (the People’s Party of Myanmar) ဆိုတဲ့ စကားရပ်ဟာ၊ Follower ငါးသိန်းရှိပြီး နိုင်ငံရေးသုံးသပ်ချက်တွေကို အဆက်မပြတ်တင်ဆက်နေတဲ့ ‘Wutkanmuang’ အမည်ရ TikTok အသုံးပြုသူတဦးရဲ့ ဗီဒီယိုမှာ ပထမဆုံး ပေါ်ပေါက်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှာ တင်ခဲ့တာဖြစ်ပြီး အခုတော့ ဖျက်ပစ်လိုက်ပါပြီ။ တမိနစ်နဲ့ ၄၅ စက္ကန့်ရှည်တဲ့ အဲဒီဗီဒီယိုထဲမှာ တီဆာနာ က ဖိစနလုတ် ခရိုင်က ဒေသန္တရရွေးကောက်ပွဲအတွက် ပါတီရဲ့ မဲဆွယ်စည်းရုံးရေးလုပ်နေတာကို ပြသထားပါတယ်။ အဲဒီမှာ သူက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်နေထိုင်ခွင့်ရရှိရေးအတွက် လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီလိုအစီအစဉ်မျိုးကို လွန်ခဲ့တဲ့နှစ်တွေအတွင်းက အစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ဖူးပေမဲ့ အဆိုပါ TikTok အကောင့်ကတော့ တီဆာနာဟာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ရှေ့နေလိုက်ပေးနေတယ် (ကိုယ်စားပြောပေးနေတယ်) လို့ စွပ်စွဲခဲ့ပါတယ်။ ဗီဒီယိုပေါ်မှာတော့ “မြန်မာပြည်သူ့ပါတီ” ဆိုတဲ့ စာတန်းကြီးကို အသားပေး ဖော်ပြထားခဲ့ပါတယ်။
ဒီစကားလုံးဟာ ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးလတွေမှာ ပြည်သူ့ပါတီနဲ့ပတ်သက်တဲ့ မီဒီယာသတင်းတွေမှာ လွှမ်းမိုးသွားခဲ့ပါတယ်။ တီဆာနာရဲ့ ၂၉ မိနစ်ကြာ လွှတ်တော်မိန့်ခွန်းကို တီဗီသတင်းတွေမှာ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလောက်ပဲ အတိုချုံးဖော်ပြခဲ့ကြပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအကြောင်း ပြောတဲ့အပိုင်းကိုပဲ အဓိကထားဖော်ပြခဲ့ပါတယ်။ နိုင်ငံရပ်ခြားက ထိုင်းအလုပ်သမားတွေကို အလားတူကာကွယ်ပေးဖို့ တောင်းဆိုခဲ့တာကိုတော့ ချန်လှပ်ထားခဲ့ကြပါတယ်။
အန္တရာယ်ရှိတဲ့ တင်သွင်းမှုတခုလား
တီဆာနာ ကတော့ သူရဲ့မိန့်ခွန်းကို ခုခံကာကွယ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ ပြည်တွင်းနိုင်ငံရေးလိုပဲ ထိုင်းနိုင်ငံသားတွေအတွက် အရေးကြီးတယ်လို့ ခံစားရကြောင်း၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင် တယောက်အနေနဲ့ သူ့ရဲ့အခန်းကဏ္ဍကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။
"မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေကို ကျမ ထည့်ပြောရတာက ဒါဟာ ထိုင်းပြည်သူတွေရဲ့ အကျိုးစီးပွားကို တိုက်ရိုက်သက်ရောက်မှုရှိနေတဲ့ နယ်စပ်အကျပ်အတည်း ဖြစ်နေလို့ပါ” လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကို ပစ်ပယ်ပြီး မြန်မာအလုပ်သမားတွေကိုပဲ မျက်နှာသာပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်ရတာဟာ အတိုက်အခံပါတီတခုတည်းတော့ မဟုတ်ပါဘူး။ ဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ် ကိုယ်တိုင်တောင် ထိုင်းနိုင်ငံအတွင်းက နိုင်ငံမဲ့ဒုက္ခသည်တွေကို နိုင်ငံသားအခွင့်အရေး ပေးအပ်မယ့် ဝန်ကြီးများရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် လက်ယာစွန်းမီဒီယာသမားတွေရဲ့ အလားတူ ဝေဖန်ထိုးနှက်မှုမျိုးနဲ့ ကြုံခဲ့ရပါတယ်။
တိုင်းရင်းသားလူနည်းစုအခွင့်အရေး လှုပ်ရှားသူတွေရဲ့ ကာလရှည်ကြာ တောင်းဆိုခဲ့တဲ့ ဒီအစီအမံဟာ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီပြီး နေထိုင်ခဲ့ကြတဲ့ ဒုက္ခသည်တွေအတွက် အဓိကရည်ရွယ်ပေမဲ့ ဆိုရှယ်မီဒီယာပေါ်မှာတော့ လူတော်တော်များများက ဒါကို ရွှေ့ပြောင်းအလုပ်သမားအားလုံးအတွက် "ခြုံငုံပြီး" နိုင်ငံသားအခွင့်အရေး ပေးလိုက်တာလို့ ပုံဖျက် ပြောဆိုခဲ့ကြပါတယ်။
ဒီအငြင်းပွားမှုတွေဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ တွေ့မြင်နေရတဲ့ ပုံစံတွေအတိုင်းပါပဲ။ အဲဒီနိုင်ငံတွေမှာ ရှေးရိုးစွဲနဲ့ လက်ယာစွန်း နိုင်ငံရေးအုပ်စုတွေဟာ နိုင်ငံရဲ့ပြဿနာတွေကို နိုင်ငံခြားသားအလုပ်သမားတွေနဲ့ ခိုလှုံခွင့်တောင်းသူတွေအပေါ် အပြစ်ပုံချပြီး၊ သူတို့အစိုးရတွေက လူဝင်မှုကြီးကြပ်ရေးမှာ အားနည်းတယ်လို့ စွပ်စွဲကာ အပြိုင်အဆိုင် ဝါဒဖြန့်ကြပါတယ်။
“ဒါက သူတို့ရဲ့ ထောက်ခံသူတွေကို ကျေနပ်အောင်လုပ်ဖို့အတွက် အပြစ်တင်စရာ 'ဗီလိန်' တယောက်ကို ရှာတဲ့နည်းလမ်းတခုပါပဲ” လို့ တီဆာနာ က အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောပါတယ်။
ချင်းမိုင်တက္ကသိုလ်မှာ သင်ကြားနေတဲ့ နိုင်ငံရေးသိပ္ပံပညာရှင် ဆီရာဒါ ခေမာနစ်ထာထိုင်း ကလည်း နိုင်ငံရပ်ခြားမှာ တွေ့ရသလိုမျိုး ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အမုန်းတရားတွေ ဖြန့်ဝေပြီး မဲဆွယ်တဲ့နည်းလမ်းတွေကို မကြာသေးခင်က ထိုင်းနိုင်ငံရေးမှာ စတင်အသုံးပြုလာတာကို တွေ့ရတယ်ဆိုတဲ့အချက်ကို သဘောတူခဲ့ပါတယ်။
“ဒီလို အမုန်းတရားတွေ ပေါက်ကွဲထွက်လာတာက နိုင်ငံရေးအရ အုပ်စုကွဲမှုတွေကိုပဲ ဦးတည်သွားစေမှာပါ” လို့ ဆီရာဒါ က HaRDstories ကို ပြောပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဘယ်လိုငြင်းခုံမှုမျိုးမဆို “နိုင်ငံရေးအမြတ်ထုတ်မှု” အဖြစ် အသုံးချမခံဘဲ၊ သက်ဆိုင်ရာ လူမှုစီးပွားရေး ကိစ္စရပ်အားလုံးကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
"ဒါက ထိုင်းလူ့အဖွဲ့အစည်းတခုလုံးရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်” လို့ ကထိကဖြစ်သူက ဆိုပါတယ်။ “ဒါကို ဘယ်နိုင်ငံရေးအုပ်စု၊ ဘယ်အဖွဲ့ခွဲတခုရဲ့ အကျိုးစီးပွားအတွက်ဆိုပြီး မမြင်သင့်ပါဘူး။”
အခကြေးငွေတိုက်ပွဲ
TikTok ဟာ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ဝီရဆန်ထုံ (Veera Sangthong) အတွက် တန်ဖိုးရှိတဲ့ ပလက်ဖောင်းတခု ဖြစ်လာခဲ့ပါတယ်။ ထိုင်းမှာနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြားမှာ TikTok က အတော်လေးရေပန်းစားလို့ပါပဲ။ ဝရဟာ ညတိုင်းလိုလိုTikTok မှာ Live လွှင့်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ လူမှုဖူလုံရေးနဲ့ အခွင့်အရေးကာကွယ်မှုတွေအကြောင်း၊ မြန်မာပြည်က နောက်ဆုံးအခြေအနေတွေ အကြောင်း ဆွေးနွေးလေ့ရှိပါတယ်။
ဝီရရဲ့ ပြောဆိုမှုတွေကို လူတွေပိုပြီးနားလည်လွယ်တာက သူ့ရဲ့နောက်ခံကြောင့်လည်း ပါပါတယ်။ သူဟာ ထိုင်း-မြန်မာနယ်စပ်က ကရင်တိုင်းရင်းသားမိသားစုကနေ ထိုင်းမှာမွေးဖွားခဲ့ပြီး မြန်မာပြည်မှာ ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းခဲ့ပါတယ်။ အသက် ၁၆ နှစ်မှာ ထိုင်းကို ပြန်လာခဲ့သူပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဝီရဟာ သူ့ရုံးအလုပ်ကနုတ်ထွက်ပြီး အချိန်ပြည့် တက်ကြွလှုပ်ရှားသူအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ သူတည်ထောင်ထားတဲ့ Bright Future အဖွဲ့နဲ့အတူ ရွှေ့ပြောင်းအလုပ်သမားတွေဘက်ကနေ မကြာခဏဆိုသလို တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ပေးခဲ့ ပါတယ်။
ဒါပေမဲ့ မကြာသေးခင်လတွေအတွင်းမှာတော့ ဝီရဟာ လူမှုကွန်ရက်ပေါ်က လူတော်တော်များများအတွက် ရန်သူတယောက်သဖွယ် ဖြစ်လာခဲ့ပါတယ်။ လက်ယာစွန်းမီဒီယာတွေက သူ့ကို ထိုင်းအမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်သူအဖြစ် ပုံဖော်ခံခဲ့ရပါတယ်။
ဇန်နဝါရီလတုန်းက ပျံ့နှံ့ခဲ့တဲ့ TikTok ဗီဒီယိုတခုကနေ အားလုံးစတင်ခဲ့တာပါ။ အဲဒီဗီဒီယိုမှာ ဝီရက မြန်မာအလုပ်သမားတွေအတွက် တနေ့ကို ဘတ် ၇၀၀ (အမေရိကန် ၂၁ဒေါ်လာ) အနည်းဆုံးလုပ်ခလစာ လိုချင်တယ်လို့ ပြောနေပုံကို ဖော်ပြထားပါတယ်။ ဒါဟာ ထိုင်းအလုပ်သမားတွေရဲ့ လုပ်ခထက် ၂ ဆနီးပါး များနေတာပါ။ အစိုးရက အနည်းဆုံးလုပ်ခလစာကို ဘတ် ၄၀၀ (၁၂ ဒေါ်လာ) တိုးမြှင့်ပြီး ၅ ရက်အကြာမှာ ဒီဗီဒီယိုထွက်လာတာကြောင့် ဝီရက ပိုတောင်းဆိုနေတယ်ဆိုတဲ့ အမြင်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီဗီဒီယိုဖိုင်ကြောင့် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ ပျံ့နှံ့သွားပြီး မီဒီယာအားလုံးကလည်း ဒီသတင်းကို ချဲ့ကားဖော်ပြခဲ့ကြပါတယ်။ ဝီရက သူ Live လွှင့်ချိန်တွေမှာ ထိုင်းအင်တာနက်သုံးစွဲသူတွေရဲ့ ဝေဖန်မှုတွေ အတော်လေးများလာတာကို သတိထားမိလာပါတယ်။
အွန်လိုင်းပေါ်က ဒေါသတွေဟာ လမ်းမတွေပေါ်အထိ ကူးစက်လာခဲ့ပါတယ်။ ဥပမာအနေနဲ့ ဖေဖော်ဝါရီလက “ထိုင်းလူမျိုးတွေ ဒါကိုသည်းခံမှာ မဟုတ်ဘူး” လို့ အဓိပ္ပာယ်ရတဲ့ Thai Mai Thon လို့ခေါ်တဲ့ ကွန်ဆာဗေးတစ် အဖွဲ့တဖွဲ့က စီစဉ်ခဲ့တဲ့ ဆန္ဒပြပွဲတခု ဖြစ်ပါတယ်။
အဲဒီအဖွဲ့က အဖွဲ့ဝင် ၁၀၀ ကျော်ဟာ ကုလသမဂ္ဂရုံးအပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။ မြန်မာစစ်အာဏာသိမ်းတာ ၄ နှစ်ပြည့်တဲ့နေ့မှာ မြန်မာစစ်ကောင်စီကို ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့အရေးယူဖို့ တောင်းဆိုတဲ့ စာတစောင်ကို ဝီရက ကုလသမဂ္ဂကို သွားရောက်တင်ပြမယ်လို့ သတင်းကြားပြီးနောက် သူတို့စုဝေးခဲ့ကြတာပါ။ သူတို့ဟာ ဒီအခွင့်အရေးကို အသုံးချပြီး ဝီရ အပေါ် ဒေါသတွေ စုပုံချခဲ့ကြပါတယ်။ အထူးသဖြင့် သူ့ရဲ့ လုပ်ခတောင်းဆိုမှုအပေါ် ဒေါသထွက်ခဲ့ကြတာပါ။ ဝီရရဲ့ မျက်နှာပုံတွေပါတဲ့ ဗီနိုင်းပိုစတာကြီးတွေကို လမ်းပေါ်မှာချပြီး လူအုပ်ကြီးက နင်းခြေခဲ့ကြပါတယ်။ ဒါဟာ ထိုင်းလူမျိုးတွေရဲ့ အမြင့်ဆုံး မထီမဲ့မြင်ပြုမှုကို ပြသတဲ့ နည်းလမ်းတခုပါပဲ။
“ဒီရက်ပိုင်း ရွှေ့ပြောင်းအလုပ်သမားတွေ တော်တော်လေးကို အတင့်ရဲလာတယ်လို့ ကျနော်ထင်တယ်” လို့ ဥဘွန်းရာချာဌာနီက ဆန္ဒပြသူတဦးက HaRDstories ကို ပြောပါတယ်။ “သူတို့ အရင်ကနေခဲ့တဲ့အတိုင်းသာ နေရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုကျတော့ ဘတ် ၇၀၀ အနည်းဆုံးလုပ်ခရဖို့ လှုပ်ရှားမှုတွေ လုပ်လာကြတယ်။ ဒါ သူတို့နိုင်ငံ မဟုတ်ဘူးဆိုတာ သူတို့ကို သိစေချင်တယ်။ ဒါ ထိုင်းနိုင်ငံပဲ” လို့ သူက ပြောသွားခဲ့ပါတယ်။
အကြောင်းအရာ လွဲမှားတင်ပြခံရခြင်း
ဒါပေမဲ့ HaRDstories ရဲ့ အသေးစိတ် စစ်ဆေးမှုတွေအရ ဒီပြောဆိုချက်ဟာ မူရင်းအကြောင်းအရာကနေ ကောက်နုတ်ပြီး လွဲမှားစွာ တင်ပြထားတာဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ သူ့ရဲ့ မူရင်းအင်တာဗျူးမှာ ဝီရက ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းမှာ ပေးဆောင်နေရတဲ့ အေးဂျင့်ခ၊ လူမှုဖူလုံရေးကြေး၊ တရားဝင်နေထိုင်ခွင့်အတွက် အခကြေးငွေအမျိုးမျိုးလို မမြင်နိုင်တဲ့ ကုန်ကျစရိတ်တွေ အများကြီးရှိတယ်ဆိုတာကို အဓိကထားပြောခဲ့တာပါ။
အဲဒီကုန်ကျစရိတ်တွေကို ကာမိဖို့အတွက် ဝီရက ဥပဒေအရ သတ်မှတ်ထားတဲ့ ပုံမှန် ၃၅၀ ဘတ် (၁၀ ဒသမ ၆၀ အမေရိကန်ဒေါ်လာ) အနည်းဆုံးလုပ်ခထက် ပိုမိုရသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ ဒီကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တွေကိုတော့ ၁ မိနစ်ကြာ နာမည်ကြီး TikTok ဗီဒီယိုမှာ ပါဝင်မလာခဲ့ပါဘူ။ သူက ထိုင်းအစိုးရကို ခြိမ်းခြောက်ဖိအားပေးနေပုံပေါက်တဲ့ အပိုင်းကိုပဲ TikTok ဗီဒီယိုအတွက် ဖြတ်ယူသုံးစွဲခဲ့တာပါ။
“မြန်မာအလုပ်သမားတချို့ တနေ့ကို ဘတ် ၁၀၀ ကျော်လေးပဲ ရတယ်ဆိုရင် ခင်ဗျားတို့ ယုံမလား။ တချို့က ဘတ် ၂၀၀ ရတယ်။ လူနည်းစုလေးပဲ ဘတ် ၃၅၀ အပြည့်ရတာ” လို့ ဝီရက သတင်းထောက်တွေကို အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ “ကျနော်တို့က ဘတ် ၃၅၀ ထက် ပိုလိုချင်တာတော့ သေချာပါတယ်။ ဘတ် ၆၀၀၊ ၇၀၀ ဒါမှမဟုတ် အဲ့ထက်ပိုတဲ့ ပမာဏလောက် လိုချင်ပါတယ်” လို့ သူက ဆိုပါတယ်။
နာမည်ကြီး TikTok ဗီဒီယိုမှာ ပျောက်နေတဲ့ နောက်ထပ်အရေးကြီးအကြောင်းအရာတခုကတော့ ဒီအင်တာဗျူးကို လွန်ခဲ့တဲ့ ၃ နှစ်နီးပါး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်သားများနေ့ စီတန်းလှည့်လည်ပွဲမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က တက်ကြွလှုပ်ရှားသူ အများအပြားဟာ ထိုင်းလူမျိုးတွေနဲ့ ရွှေ့ပြောင်းအလုပ်သမား နှစ်ဖက်စလုံးအတွက် အနည်းဆုံးလုပ်ခ ကိုတိုးမြှင့်ဖို့ လှုံ့ဆော်စည်းရုံးနေခဲ့ကြတာပါ။
ဒီလို ဗရုတ်ဗရက်နိုင်လှတဲ့ ဗီဒီယိုဖိုင်တင်ခဲ့တဲ့ TikTok အသုံးပြုသူဟာ မူရင်းဗီဒီယိုမှာ အရေးကြီးတဲ့ ပြောင်းလဲမှုတခုကို ပြုလုပ်ခဲ့ပါသေးတယ်။ အဲ့တာကတော့ ဆန္ဒပြသူတဦး ကိုင်ဆောင်ထားတဲ့ မြန်မာအလံပေါ်မှာ People’s Party (ပြည်သူ့ပါတီ) ရဲ့ လိုဂိုကို ဗီဒီယိုဘောင်ရဲ့ အပေါ်ထောင့်မှာ ထပ်ပေါင်းထည့်ခဲ့တာပါ။ ဒီလိုတည်းဖြတ်မှုကြောင့် ကြည့်ရှုသူအများအပြားဟာ အတိုက်အခံပါတီကပဲ ဆန္ဒပြပွဲကို ထောက်ခံအားပေးနေသလိုလို၊ ပါဝင်ပတ်သက်နေသလိုလို ထင်မှား ယုံကြည်သွားစေခဲ့ပါတယ်။
အခုလို TikTok ဗီဒီယိုအသုံးပြုသူရဲ့ ကလိမ်ကကျစ်လုပ်ရပ်ထွက်ပေါ်လာတာဟာ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် အရေးကြီးတဲ့ ဒေသန္တရရွေးကောက်ပွဲမှာ People’s Party ဝင်မပြိုင်ခင် ရက်အနည်းငယ်အလိုမှာတင် ဖြစ်ပွားခဲ့တာပါ။ ဒါဆို သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ဘယ်သူမဆို မှန်းဆလို့ရနိုင်ပါတယ်။
ဖြစ်မလာခဲ့သော ဆန္ဒပြပွဲ
အဲ့ဒီလို အွန်လိုင်းပေါ်က မမှန်တဲ့ သတင်းတွေဟာ လျင်လျင်မြန်မြန်နဲ့ပဲ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အမုန်းတရားတွေ ပြန့်ပွားလာစေခဲ့ပါတယ်။ ဥပမာအနေနဲ့ မြန်မာအလုပ်သမားတွေ ထိုင်းစက်ရုံတခုမှာ လုပ်ခတိုးမြှင့်ဖို့ ဆန္ဒပြနေတယ်ဆိုတဲ့ Facebook ပို့စ်တခု ထွက်ပေါ်လာတာမျိုးပါ။
“သူတို့ခေါင်းဆောင်တွေက ဆန္ဒပြပွဲတွေ စီစဉ်ပြီး ဘတ် ၇၀၀ တောင်းဆိုပြီးနောက် ကုမ္ပဏီတွေ အများကြီးက မြန်မာအလုပ်သမားတွေကို အလုပ်ထုတ်နေကြပြီ” လို့ ပို့စ်မှာ ထပ်ဖြည့် ရေးသားထားပါတယ်။ TikTok နဲ့ တခြားနေရာတွေမှာလည်း အလားတူပြောဆိုမှုတွေဟာ ထောင်နဲ့ချီတဲ့ တုံ့ပြန်မှုတွေကို ရရှိခဲ့ပါတယ်။
တကယ်တော့ ဒီဓာတ်ပုံတွေဟာ ဖက်ချဘွန်ခရိုင်မှာ ရိုက်ယူခဲ့တာဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ရာပေါင်းများစွာဟာ သူတို့အလုပ်ရှင်တွေက ကောက်ခံတဲ့ ပတ်စ်ပို့သက်တမ်းတိုးကြေး တိုးမြှင့်မှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြတုန်းကပါ။ ဒီဆန္ဒပြပွဲဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပွားခဲ့တာဖြစ်ပြီး နေ့စဉ်လုပ်ခအကြောင်း အငြင်းပွားမှုထဲမှာ လုံးဝမပါဝင်ခဲ့ပါဘူး။
ရက်အနည်းငယ်အကြာမှာတော့ ထိုင်းထိပ်တန်းထောက်လှမ်းရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဟောင်း နန်တီဝပ် ဆာမတ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ “ဆူပူလှုံ့ဆော်တဲ့” မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြနေတယ်ဆိုတဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။
“ဒီနေ့ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဆူပူလှုံ့ဆော်မှုတွေ လုပ်လာကြပြီ။ သူတို့ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြပွဲလုပ်နေတယ်။ ဒါကို ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ကျနော်လည်း လက်မခံနိုင်ဘူး” လို့ နိုင်ငံခြားရေးဝန်ကြီးရဲ့ အတွင်းရေးမှူးလည်းဖြစ်ခဲ့တဲ့ နန်တီဝပ်က ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ရှည်လျားတဲ့ ပို့စ်ကို မျှဝေသူပေါင်း ၁၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။
“ကျနော် ရွှေ့ပြောင်းအလုပ်သမားတွေကို အပြုသဘောမြင်ပါတယ်။ ဒါပေမဲ့ သူတို့လုပ်နေတာတွေကိုတော့ လက်ခံလို့မရဘူး။ သူတို့ နိုင်ငံရေးလုပ်လို့မရဘူး” လို့ သူက ဆက်ပြောခဲ့ပါတယ်။
“သူတို့ တောင်းဆိုစရာရှိရင် မြန်မာပြည်ကို ပြန်သွားရမယ်၊ အကုန်လုံးပြန်ရမယ်။ သူတို့ မြန်မာအစိုးရကို တောင်းဆိုတာပဲဖြစ်ဖြစ်၊ အခွင့်အရေး၊ နိုင်ငံရေး၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်တာပဲဖြစ်ဖြစ် သူတို့နိုင်ငံကို ပြန်သွားလို့ရတယ်။ ကျနော်တို့ဆီမှတော့ အခုလိုလမ်းတွေ ပိတ်ပြီး ဆန္ဒပြလို့မရဘူး” လို့ သူက ဆိုပါတယ်။
နန်တီဝပ်ဟာ ဒီဆန္ဒပြမှုဆိုတာကို ဘတ် ၇၀၀ လုပ်ခနဲ့ ပတ်သက်တဲ့ သတင်းမှားတွေနဲ့လည်း ချိတ်ဆက်ပြောဆိုခဲ့ပါတယ်။ “မြန်မာအလုပ်သမားတွေ ဘတ် ၇၀၀ တောင်းဆိုတာနဲ့ ပတ်သက်ပြီး... မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အားပေးတတ်တဲ့ ပါလီမန်အမတ်တွေကို သွားတွေ့သင့်တယ်။ သူတို့ ပေးနိုင်မယ်ထင်တယ်” လို့ သူက ပြောခဲ့ပါတယ်။
မှတ်ချက်အများစုကတော့ ဒေါသတကြီး ရေးသားထားကြတာပါ။ ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အရေးယူဖို့ တောင်းဆိုခဲ့ကြပါတယ်။
“ကျနော်တို့ [အမေရိကန်သမ္မတ] ထရမ့်ပ်ရဲ့ မူဝါဒတွေကိုပဲ ကျင့်သုံးသင့်တယ်။ အကုန်လုံး ပြန်ပို့ပစ်။ ကျနော်တို့ တအားကို ရက်ရောခဲ့ပြီးပြီ” လို့ မှတ်ချက်တခုက ဆိုပါတယ်။
နောက်တခုကတော့ “သူတို့ကို လျှို့ဝှက်ဖြစ်ဖြစ်၊ ပေါ်ပေါ်တင်တင်ဖြစ်ဖြစ် ပြင်းထန်တဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ်ရမယ်၊ အထူးသဖြင့် သူတို့ခေါင်းဆောင်တွေကိုပေါ့” လို့ ရေးထားပါတယ်။
နောက်ထပ်တခုက “သူတို့က သူတို့နိုင်ငံကို မပိုင်ဆိုင်တော့ဘူး။ အခု ထိုင်းကိုပါ ပုန်ကန်ဖို့ ကြံစည်နေတယ်။ ပြန်ပို့လိုက်” လို့ ဆိုပါတယ်။
ဒါပေမဲ့ နန်တီဝပ် မျှဝေခဲ့တဲ့ ဓာတ်ပုံတွေဟာ နေရာအမျိုးမျိုး၊ အချိန်အခါအမျိုးမျိုးကနေ ကောက်နုတ်ပြီး အကြောင်းအရာ လွဲမှားတင်ပြထားတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ၂၀၂၁ ခုနှစ်က ဝန်ကြီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ၊ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲနဲ့ ဘန်ကောက်မြို့ရဲ့ စျေးဝယ်ဇုန်မှာ ကျင်းပခဲ့တဲ့ Pride Parade (လိင်တူချစ်သူများ ဂုဏ်ပြုချီတက်ပွဲ) တွေက ဓာတ်ပုံတွေ ပါဝင်နေခဲ့တာပါ။
AFP လိုမျိုး သတင်းသမားတွေနဲ့ အချက်အလက်စိစစ်သူတွေက ဒီပို့စ်တွေကို မှားယွင်းကြောင်း သက်သေပြဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ထပ်တလဲလဲ လှည့်ဖြားတင်ပြမှုတွေဟာ အောင်ပွဲခံခဲ့တဲ့ပုံပါပဲ။ ထိုင်းအင်တာနက်အသုံးပြုသူ အများအပြားဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို အခြေအမြစ်မရှိတဲ့ ဘတ် ၇၀၀ အနည်းဆုံးလုပ်ခ တောင်းဆိုမှုနဲ့ ဆက်စပ်ပြီး မှားယွင်းစွာ မှတ်ယူနေကြပါပြီ။
“ဒီရက်ပိုင်း အင်တာနက်ပေါ်က လူတော်တော်များများရဲ့ ထိုးနှက်တိုက်ခိုက်တာကို ကျနော် ခံနေပါရတယ်။ သူတို့က ကျနော့်ရဲ့ live တွေ အစီအစဉ်တွေကို တည်းဖြတ်ပြီး အမုန်းတရားတွေ ပိုမိုဖြန့်ဝေနေကြတယ်” လို့ ဝီရက ပြောပါတယ်။
“ကျနော် လုပ်ချင်တာက မြန်မာပြည်သူတွေအတွက်၊ သူတို့ရသင့်တဲ့ အခွင့်အရေးတွေအတွက် ပြောဆိုပေးဖို့ပါပဲ” လို့ သူက ဆိုပါတယ်။
ဝီရကိုယ်တိုင်လည်း ဒီအွန်လိုင်းပေါ်က ဒေါသတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်ခဲ့ရပါတယ်။ ဧပြီလတုန်းက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရားဝင်ခရီးစဉ်ကို ကန့်ကွက်ဖို့ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ အဆောက်အအုံကို သူရောက်ရှိလာချိန်မှာ အမျိုးသားရေးဝါဒီ ဆန္ဒပြသူတွေက သူသွားမယ့်နေရာနဲ့ မီတာအနည်းငယ်အကွာမှာပဲ ဝိုင်းဝန်းရိုက်နှက် တိုက်ခိုက်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရဲအရာရှိတွေ ဝင်ရောက်ခဲ့ပြီး ဝီရကို သူ့ရဲ့ ဘေးကင်းရေးအတွက် ခေါ်ဆောင်သွားခဲ့ရပါတယ်။
“ထိုင်းလူမျိုးတွေ ဒါကို သည်းခံမှာ မဟုတ်ဘူး”
ဝီရကိုပြင်းထန်ဆုံး ဝေဖန်သူတွေထဲက တဦးကတော့ အကာရာဝပ် ခရာစီဆိုဘတ် ပါပဲ။ သူဟာ “ထိုင်းလူမျိုးတွေ ဒါကို သည်းခံမှာ မဟုတ်ဘူး” ဆိုတဲ့အဖွဲ့ရဲ့ နောက်ကွယ်က သဘောထားတင်းမာတဲ့ လှုပ်ရှားတက်ကြွသူတဦးဖြစ်ပါတယ်။ ဝီရနဲ့ သူ့ရဲ့ ရွှေ့ပြောင်းအလုပ်သမား လှုပ်ရှားမှုတွေကို ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေကိုလည်း မကြာခဏ ကျင်းပလေ့ရှိပါတယ်။
အကာရာဝပ်ဟာ ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ဘုရင်မင်းမြတ်ကို စော်ကားမှု ဥပဒေပြင်ဆင်ရေးအတွက် လူငယ်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ပထမဆုံး နာမည်ကျော်ကြားလာခဲ့သူပါ။ အကာရာဝပ်နဲ့ တခြား ဘုရင်စနစ်လိုလားသူတွေက ဒီလိုလုပ်ရပ်တွေဟာ တော်ဝင်အဖွဲ့အစည်းကို ဖျက်ဆီးဖို့ ကြိုးပမ်းမှုတွေဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။
အကာရာဝပ်ဟာ ဝီရနဲ့ တခြားမြန်မာလှုပ်ရှားတက်ကြွသူတွေကို နိုင်ငံရေးအရ ထိခိုက်လွယ်တယ်လို့ သူယူဆတဲ့ လုပ်ဆောင်မှုတွေမှာ မပါဝင်စေဖို့အတွက် လူထုဆန္ဒပြပွဲတွေကနေတဆင့် အင်အားပြချင်တယ်လို့ ပြောခဲ့ပါတယ်။ ဥပမာအားဖြင့် မြန်မာစစ်ခေါင်းဆောင် ထိုင်းကို လာရောက်တဲ့ ခရီးစဉ်ကို ဝီရက ဆန့်ကျင်ဖို့ ကြိုးပမ်းတာမျိုးပေါ့။
"မြန်မာစစ်အစိုးရက ဒါကိုကြားရင် နှစ်နိုင်ငံကြား ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်" လို့ အကာရာဝပ်က HaRDstories ကို ပြောပါတယ်။ "ကျနော့်အတွက်တော့ ဒါဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တာပါပဲ။”
ဒီအဖွဲ့ရဲ့ လမ်းပေါ်က တက်ကြွလှုပ်ရှားမှုတွေဟာ အကာရာဝပ်ကို မီဒီယာရဲ့ အာရုံစိုက်မှုကို သိသိသာသာ ရရှိစေခဲ့ပါတယ်။ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို နှိမ်နင်းရာမှာ ဥပဒေစိုးမိုးရေးအရာရှိတွေနဲ့အတူ လိုက်ပါဆောင်ရွက်တာ၊ ကန့်သတ်ထားတဲ့ အလုပ်အကိုင်တွေကို ချိုးဖောက်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို သတင်းပို့တာ၊ ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းမြေပေါ်မှာ ကိုယ်ဝန်ဆောင်တာ၊ ကလေးမွေးဖွားတာကို တရားမဝင်ဖြစ်စေမယ့် ဥပဒေမူကြမ်းကို အဆိုပြုတာ (ဒီဥပဒေမူကြမ်းဟာ ပါလီမန်ရဲ့ ထောက်ခံမှုကိုတော့ မရခဲ့ပါဘူး) စတာတွေကြောင့်ပါ။
ဒီလိုလှုပ်ရှားမှုတွေဟာ ထိုင်းအင်တာနက်အသုံးပြုသူ အများအပြားရဲ့ ချီးကျူးမှုကို ရရှိခဲ့ပေမဲ့ ရွှေ့ပြောင်းအလုပ်သမားအသိုက်အဝန်းကြားမှာတော့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ စိုးရိမ်ပူပန်နေတဲ့ အလုပ်သမားတဦးကတော့ စမွတ်ဆာခွန်းခရိုင်က မြန်မာစားသောက်ဆိုင် ဝန်ထမ်း သံစဉ် ဖြစ်ပါတယ်။
သူက “ထိုင်းလူမျိုးတွေ ဒါကို သည်းခံမှာ မဟုတ်ဘူး” ဆိုတဲ့ အဖွဲ့ဝင်တွေဟာ သူတို့ ရပ်ကွက်ထဲကို မကြာခဏ ချီတက်လာလေ့ရှိပြီး တရားမဝင် အလုပ်သမားတွေကို ရှာဖွေနေပုံရတာကြောင့် ရွှေ့ပြောင်းလုပ်သားအများအပြားဟာ ကြောက်လန့်ပြီး ပုန်းအောင်းနေခဲ့ကြရတယ်လို့ HaRDstories ကို ပြောပြခဲ့ပါတယ်။
“သူတို့ ကျမတို့ ရပ်ကွက်ကို လာတော့မယ်ဆိုတာ ကြားတာနဲ့ ကျမတို့ဆိုင်မှာ လူအသွားအလာနည်းပြီး အစားအသောက်တွေလည်း သိပ်မရောင်းရတော့ဘူး” လို့ သူက ဆိုပါတယ်။
“တနေ့နေ့ကျရင် ကျမတို့ဆိုင်ထဲကိုပါ သူတို့ဝင်လာမှာ စိုးရိမ်ပါတယ်” လို့လည်း သူက ပြောပါတယ်။
အကာရာဝပ်က သူ့အဖွဲ့ဟာ ဥပဒေကို လိုက်နာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ မတရားတဲ့ အလုပ်ရှင်တွေရဲ့ လုပ်ခလစာ လိမ်လည်ခံရတဲ့ မြန်မာအလုပ်သမားတွေကို ကူညီပေးခဲ့တဲ့ သူ့ရဲ့ မှတ်တမ်းကိုလည်း သူက ထောက်ပြခဲ့ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကြောင့် ရွှေ့ပြောင်းအသိုက်အဝန်းအပေါ် ဖြစ်ပေါ်စေခဲ့တဲ့ ကြောက်ရွံ့မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ အကာရာဝပ်က ဒါဟာ သတင်းမှားတွေကြောင့်လို့ အပြစ်ပုံချခဲ့ပါတယ်။
“ဒါက ရွှေ့ပြောင်းအလုပ်သမားတွေက ဖြန့်တဲ့ ကောလာဟလသက်သက်ပါ။ သူတို့ထဲက တချို့ဆို ထိုင်းစကားကိုတောင် ကောင်းကောင်းနားမလည်ဘူး။ ထိုင်းမှာ အကြာကြီးနေပြီး ထိုင်းစကားကို နားလည်တဲ့သူတွေကတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဆန့်ကျင်တဲ့ ထိုင်းလူမျိုးတွေ ရှိတယ်ဆိုပြီး တို့မီးရှို့မီးလုပ်ပေးဖို့ ကြိုးစားကြတယ်” လို့ အကာရာဝပ်က ပြောခဲ့ပါတယ်။
“ဒါကြောင့် ကျနော်တို့ အရင်က ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီခဲ့ဖူးပေမဲ့ ကျနော်တို့က ရွှေ့ပြောင်းအလုပ်သမားအားလုံးကို ဘက်လိုက်တယ်ဆိုတဲ့ နားလည်မှုလွဲတာတွေ ဖြစ်ပေါ်စေခဲ့တယ်” လို့ သူက ဆိုပါတယ်။
ရွှေ့ပြောင်းလုပ်သားများ ဆန္ဒပြပိုင်ခွင့်
တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အားကိုးကြတာကြောင့် နိုင်ငံရဲ့ ဘဏ္ဍာရေးနဲ့ လူမှုရေးဆိုင်ရာ ထိခိုက်မှုတွေကို မီးမောင်းထိုးပြချင်တယ်လို့လည်း အကာရာဝပ်က ပြောပါတယ်။
“ဒါတွေက ကျနော်တို့ရဲ့ နိုင်ငံတော် ဘတ်ဂျက်ကို ကုန်ဆုံးစေတာပဲ။ ဒါက ထိုင်းပြည်သူတွေအတွက် ဆုံးရှုံးမှုပဲ။ ကျနော်တို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ချင်တယ်။ ကျနော်တို့နိုင်ငံဟာ ထိုင်းလူမျိုးတွေပိုင်တာပဲ ဖြစ်စေချင်တယ်” လို့ သူက ဆိုပါတယ်။
“တရားဝင် နေထိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကျနော် တခါမှ မနှောင့်ယှက်ဖူးဘူး၊ မခြောက်လှန့်ဖူးဘူး” လို့လည်း သူက ပြောပါတယ်။
ဒါပေမဲ့ “ထိုင်းလူမျိုးတွေ ဒါကို သည်းခံမှာ မဟုတ်ဘူး” အဖွဲ့ဝင်တွေ ပြောဆိုတဲ့ စကားလုံးတွေဟာ မြန်မာနိုင်ငံသားတွေအပေါ် လူမျိုးရေး ခွဲခြားမှုဘက်ကို ထပ်ခါတလဲလဲ ရောက်သွားတတ်ပါတယ်။ ဥပမာအနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ စုဝေးပြီး တရားမျှတတဲ့ လျော်ကြေးရဖို့ ကြိုးစားတာ ဒါမှမဟုတ် ကြိုးစားတယ်လို့ ထင်မြင်ယူဆတာကို “ဆူပူလှုံ့ဆော်တဲ့ ရွှေ့ပြောင်းလုပ်သားများ” လို့ လက်လွတ်စပယ် ပြောဆိုတာမျိုးပါ။
ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံကြား အယုဒ္ဓယခေတ်ကတည်းက ရှိခဲ့တဲ့ သမိုင်းဝင် ပြိုင်ဆိုင်မှုတွေကို မကြာခဏဆိုသလို လှုံ့ဆော်ပြောဆိုမှုတွေလည်း ရှိပါတယ်။ “ထိုင်းလူမျိုးတွေ ဒါကို သည်းခံမှာ မဟုတ်ဘူး” အဖွဲ့က ဆန္ဒပြပွဲတခုမှာ ပြသခဲ့တဲ့ ဗီနိုင်းပိုစတာတခုမှာ ထိုင်းမြို့တော် မီးလောင်နေတဲ့ပုံနဲ့အတူ “အယုဒ္ဓယကနေ ဘန်ကောက်အထိ- ဗမာတွေ မီးရှို့တယ်၊ ငါတို့ကတည်ဆောက်တယ်” ဆိုတဲ့ စာတန်းကို ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီအဖွဲ့ရဲ့ ခေါင်းဆောင်မှုနဲ့ ထောက်ခံသူတွေကြားမှာ ဝီရလိုမျိုး မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဘယ်လိုနိုင်ငံရေးလှုပ်ရှားမှုမျိုးမှ လုပ်ခွင့်မရှိဘူးဆိုတဲ့ ပြင်းပြတဲ့ ယုံကြည်ချက်တခု ရှိနေပါတယ်။ ဒါပေမဲ့ ဒါဟာ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ နိုင်ငံသားဖြစ်မှုမခွဲခြားဘဲ စုဝေးပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေအပြင် ထိုင်းနိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ အရပ်သားနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နဲ့ပါ ဆန့်ကျင်နေပါတယ်။
ဒီလိုအခွင့်အရေးတွေကို ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ မကြာခဏ လမ်းပေါ်ထွက် ဆန္ဒပြတာတွေက သက်သေခံနေပါတယ်။ ယူကရိန်းနိုင်ငံသားတွေ ရုရှားကျူးကျော်မှုကို ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ ပါလက်စတိုင်းနိုင်ငံသားတွေ အစ္စရေးရဲ့ ဂါဇာစစ်ပွဲကို ကန့်ကွက်တာပဲဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ အဲ့ဒီဆန္ဒပြပွဲတွေမှာတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေအမြစ်မရှိတဲ့ ဆန္ဒပြမှုတွေအပေါ် တုံ့ပြန်မှုမျိုး မကြုံတွေ့ခဲ့ရပါဘူး။
မုန်းတီးမှု လှုံ့ဆော်တဲ့ စကားတွေနဲ့ သတင်းစစ်ဆင်ရေးတွေ
ထိုင်းနိုင်ငံရဲ့ အွန်လိုင်းလူမှုအသိုက်အဝန်းတွေမှာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေရဲ့ ဩဇာလွှမ်းမိုးမှုက အရမ်းကြီးတာကြောင့် (၂၀၂၄ စစ်တမ်းအရ ထိုင်းလူမျိုး ၇၀ ရာခိုင်နှုန်းနီးပါးဟာ ဆိုရှယ်မီဒီယာကို ပုံမှန်သုံးကြပြီး ဒါက ကမ္ဘာ့ပျမ်းမျှထက် ပိုများပါတယ်) ဖေ့စ်ဘွတ်ခ်ဒါမှမဟုတ် TikTok လို ပလက်ဖောင်းတွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ရန်လိုမှုတွေ မွေးဖွားရာ နေရာတွေ ဖြစ်လာတာက ရှောင်လွှဲလို့ မရနိုင်ပါဘူး။
HaRDstories ကနေ စစ်တမ်းကောက်ယူခဲ့တဲ့ အွန်လိုင်းပို့စ်အများစုမှာ ထိုင်းအစိုးရရဲ့ ရွှေ့ပြောင်းလုပ်သား ထိန်းချုပ်ရေး မူဝါဒတွေ ပေါ့လျော့တယ်လို့ ယူဆပြီး ဝေဖန်ထားတာတွေ ပါဝင်ပါတယ်။ တချို့ပို့စ်တွေမှာတော့ နိုင်ငံရေးသမားတချို့၊ မြန်မာလှုပ်ရှားတက်ကြွသူတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေအပေါ် မလိုမုန်းထားတဲ့ ဒါမှမဟုတ် ယေဘုယျဆန်တဲ့ မှတ်ချက်တွေ ပါဝင်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေကို အစုလိုက်အပြုံလိုက် နှင်ထုတ်ဖို့ တောင်းဆိုတာတွေ၊ ရွှေ့ပြောင်းလုပ်သားတွေကို “ပိုင်ရှင်ကို ပြန်ကိုက်တတ်တဲ့” ဒါမှမဟုတ် “သားသမီးအများကြီးမွေးတဲ့” တိရစ္ဆာန်တွေနဲ့ နှိုင်းယှဉ်တာတွေ၊ ရွှေ့ပြောင်းလုပ်သားတွေကို “ရှင်းပစ်ဖို့” ဆိုတဲ့ ကြောက်စရာကောင်းတဲ့ အကြံပြုချက်တွေတောင် ပါပါတယ်။
စစ်တမ်းနမူနာရဲ့ ၃၆ ဒသမ ၄ ရာခိုင်နှုန်းလောက်ကလည်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့ ဒါမှမဟုတ် လွဲမှားတဲ့ အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။ ဥပမာအနေနဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံသားအဖြစ်ပေးတာ၊ ဝီရရဲ့ ဘတ် ၇၀၀ နေ့စားခ အတွက်ခြိမ်းခြောက်ပါတယ်ဆိုပြီး စွပ်စွဲတာ၊ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လမ်းမပေါ် ဆန္ဒပြပွဲတွေ (လုံးဝမဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ) စတာတွေပေါ့။
သတိပြုစရာတခုကတော့ သတင်းမှားတွေ ပါဝင်တဲ့ ပို့စ်အများအပြားကို sockpuppet (အကောင့်အတုတွေ) ရဲ့ လက္ခဏာရပ်တွေ ပါဝင်တဲ့ အမည်မသိ အကောင့်တွေက ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒီအကောင့်အတုတွေက လှည့်စားမှုတွေကို ဖြန့်ဝေဖို့ သက်သက် ဖန်တီးထားပုံရတဲ့ စိတ်ကူးယဉ် အွန်လိုင်းအမည်တွေ ဖြစ်ပါတယ်။ HaRDstories ကနေစုံစမ်းစစ်ဆေးခဲ့တဲ့ အကောင့်တွေမှာ နိုင်ငံရေးနဲ့ ဘုရင်စနစ်နဲ့ ပတ်သက်တဲ့ ပို့စ်တွေ တက်ကြွစွာ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းတွေတွေ့ရပြီး၊ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာဘဝအကြောင်း ဘာသဲလွန်စမှ တင်ထားတာမျိုးမရှိပါဘူး။ ဥပမာအားဖြင့် ဝီရရဲ့ ဘတ် ၇၀၀ လုပ်ခနဲ့ ပတ်သက်တဲ့ TikTok နာမည်ကြီးဗီဒီယို နောက်ကွယ်က TikTok အသုံးပြုသူဟာ ဒီအမျိုးအစားထဲမှာ ပါပါတယ်။
HaRDstories က ဒီ sockpuppet အကောင့်တွေဟာ စနစ်တကျ စီစဉ်ထားတဲ့ သတင်းစစ်ဆင်ရေး (Information Operation) တွေနဲ့ ချိတ်ဆက်မှု ရှိ၊ မရှိ ကောက်ချက် မချနိုင်သေးပေမဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေဟာ သူတို့ နိုင်ငံရေးပြိုင်ဘက်လို့ ယူဆသူတွေအပေါ် အလားတူ နည်းဗျူဟာတွေကို အသုံးပြုခဲ့ဖူးကြောင်း သိရပါတယ်။
နောက်ဆုံး ထင်ရှားတဲ့ စွပ်စွဲချက်တခုအရ ထိုင်းတော်ဝင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဆိုက်ဘာစစ်ဆင်ရေးအဖွဲ့တဖွဲ့ ရှိခဲ့ပါတယ်။ အဲ့ဒီအဖွဲ့ဟာ နစ်ပေါင်းများစွာကြာအောင် ထိုင်းနိုင်ငံက ဒီမိုကရေစီလိုလားသူတွေကို ပစ်မှတ်ထားပြီး လူမှုကွန်ရက်စာမျက်နှာတွေကနေ အနှောင့်အယှက်ပေးတာ၊ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြန့်ဝေတာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ဒီအကြောင်းကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့က စုံစမ်းတွေ့ရှိခဲ့တာဖြစ်ပြီး၊ ဒါဟာ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အထင်ကရ စွပ်စွဲချက်တခုလည်း ဖြစ်ပါတယ်။
ဒီအစီရင်ခံစာဟာ ၂၀၂၅ မတ်လတုန်းက ပေါက်ကြားခဲ့တဲ့ တပ်နဲ့ရဲရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေအပေါ် အခြေခံထားပါတယ်။ အဲ့ဒီစာရွက်စာတမ်းတွေကို ပြည်သူ့ပါတီရဲ့နိုင်ငံရေးသမားတွေက လွှတ်တော်ထဲမှာ ဆွေးနွေးရင်း လူသိရှင်ကြား ထုတ်ဖော်ခဲ့တာပါ။ အဲ့ဒီထဲမှာ လွှတ်တော်အမတ် တီဆာနာကို ၂၀၂၄ သြဂုတ်ကနေ အောက်တိုဘာအထိ တလကို "အဖျက်သဘောဆောင်တဲ့ သတင်းမှား" စစ်ဆင်ရေး အနည်းဆုံး အကြိမ် ၇၀ လောက် လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီကာလဟာ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ တီဆာနာ မိန့်ခွန်းပြောခဲ့လို့ ဝေဖန်ခံခဲ့ရတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာပါ။
အမှန်တရားတွေ အရာမထင်တော့တဲ့အခါ
ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေအကြောင်း မဟုတ်မမှန် သတင်းတွေ ထွက်နေတာ မနည်းပါဘူး။ ထိုင်းမီဒီယာကြီးတွေကလည်း ဒါတွေကို သိပ်ဝေဖန်တာမျိုးမရှိဘဲ ဒီအတိုင်းပဲ ဖော်ပြနေကြတယ်။ ဒါပေမဲ့ အဲဒါတွေကို ပြန်ချေပတိုက်ဖျက်ဖို့ ကြိုးစားနေတဲ့ မီဒီယာတွေ၊ သတင်းထောက်တွေလည်း ရှိပါတယ်။အဲဒီထဲမှာ Cofact ဆိုတဲ့ အဖွဲ့တခုပါဝင်ပါတယ်။ သူတို့က သတင်းအမှားတွေကို စစ်ဆေးပေးတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတခုပါ။ သူတို့ရဲ့ ရည်မှန်းချက်က "သတင်းအမှားတွေကို လူတိုင်း လက်တွဲတိုက်ဖျက်နိုင်မယ့် နေရာတခု" ဖြစ်လာဖိုပါပဲ။
Cofact ရဲ့ အယ်ဒီတာ၊ ကူလ်တီဒါ စမာဘူဒီ ကတော့ သူတို့အဖွဲ့ဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို အမြဲစောင့်ကြည့်ပြီး တိုက်ဖျက်နေတယ်လို့ ဆိုပါတယ်။ သူဆက်ပြောတာက ထိုင်းလူမျိုးတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေအကြောင်းကို သိပ်သဘောမပေါက်၊ ရေရေရာရာ မသိကြဘူးဆိုတာပါပဲ။ အဲဒါကပဲ အခွင့်အရေးသမားတွေအတွက် လမ်းဖွင့်ပေးသလို ဖြစ်နေပါတယ်။တကယ်တော့ အဲဒီလူတွေဟာ ကိစ္စ အသေးလေးတွေကိုပုံကြီးချဲ့ယူပြီး "ထိုင်းတွေက ကိုယ့်နိုင်ငံမှာပဲ မြန်မာအလုပ်သမားတွေရဲ့ အမြတ်ထုတ်တာကို ခံနေရတယ်" ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် လိမ်လည်ပစ်လိုက်ကြတာလို့ ဆိုပါတယ်။
ကူလ်တီဒါက "နည်းလမ်းတွေကတော့ တခြားသတင်းအမှားတွေ ဖြန့်တဲ့ပုံစံနဲ့ သိပ်မကွာဘူး။ အမှန်တရားနည်းနည်းကိုယူ၊ မုန်းတီးရေးစကားလုံးတွေနဲ့ ရောပြီး ဖြန့်တာပဲ" လို့ ရှင်းပြတယ်။
ဖေ့စ်ဘွတ်ခ်ကို ပိုင်တဲ့ Meta ကုမ္ပဏီကတော့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေဆိုတာ ထိခိုက်လွယ်တဲ့အတွက် သူတို့ကို ပစ်မှတ်ထားပြီး မုန်းတီးရေးစကားတွေ ပြောတာက စည်းကမ်းချက်နဲ့ မညီ တဲ့အကြောင်း ထုတ်ပြန်ဖူးပါတယ်။ သီအိုရီအရတော့ ဒီလိုပြောထားတာပါ။ ဒါ့အပြင် AFP လို အဖွဲ့တွေနဲ့ပေါင်းပြီး သတင်းအမှားတွေကို တံဆိပ်ကပ်တိုက်ဖျက်မယ်လို့လည်း ကြေညာခဲ့ပါသေးတယ်။
ဒါပေမဲ့ HaRDstories အဖွဲ့ရဲ့ ပြန်လည်စစ်ဆေးမှုအရ မြန်မာအလုပ်သမားတွေအကြောင်း သတင်းအမှားတင်ထားတဲ့ ပို့စ်တော်တော်များများဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘာသတိပေးစာမှမပါဘဲ ဒီတိုင်းကြီး ရှိနေတုန်းပါပဲ။
ပိုဆိုးတာက ဖေ့စ်ဘွတ်ခ်ပိုင်ရှင် မာ့ခ် ဇူကာဘတ်က "နိုင်ငံရေးဘက်လိုက်မှုတွေ ရှိနိုင်တယ်" ဆိုတဲ့အကြောင်းပြချက်နဲ့ သတင်းအမှားစစ်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းနေတာကို ရပ်တော့မယ်လို့ ကြေညာလိုက်တာပါပဲ။ ဒီကိစ္စကြောင့် မီဒီယာပညာရှင်တွေရော၊ သတင်းအမှားစောင့်ကြည့်ရေးအဖွဲ့တွေကပါ ဝိုင်းပြီး ရှုတ်ချကြတယ်။ ဒါဟာ ၂၀၁၄ တုန်းက ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး မုန်းတီးရေးတွေ ဖြန့်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ အတိတ်ဆိုးကို ပြန်သတိရစေခဲ့ပါတယ်။
HaRDstories က ဒီကိစ္စနဲ့ပတ်သက်ပြီး Meta ကို မေးတဲ့အခါ မေးတာကို လက်ခံရရှိကြောင်း အကြောင်းပြန်ပါတယ်။ နောက်တလနေတော့ အချက်အလက်တွေ ထပ်တောင်းပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးရေးတဲ့အချိန်အထိ ဘာအကြောင်းပြန်တာမျိုးမှမရှိ သေးပါဘူး။
ချင်းမိုင်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် ဆီရာဒါကလည်း ထိုင်းအွန်လိုင်းလောကမှာ မီဒီယာအကြောင်း နားလည်နိုင်စွမ်းက တော်တော်နည်းနေတယ်တဲ့အတွက် စိုးရိမ်ကြောင်း ပြောပါတယ်။
“ပညာတတ်ဆိုတဲ့ ထိုင်းလူလတ်တန်းစားတွေတောင် ရွှေ့ပြောင်းအလုပ်သမားကိစ္စတွေမှာ အထင်လွဲ၊ အမြင်မှားတတ်ကြပါတယ်။ ဒီတော့ ဒီကိစ္စတွေမှာ အမြင်မတူတဲ့သူတွေကလည်း သူတို့ကို အပြောခံရမှာစိုးလို့ ဘာမှဝင်မပြောရဲတော့ဘူး။ ဒီလိုသာ အမုန်းစကားတွေ ဆက်များနေရင် အလုပ်သမားအခွင့်အရေးကိစ္စတွေကလည်း အဖြေမရှိဘဲ ဒီအတိုင်းပဲ ပျောက်သွားလိမ့်မယ်" လို့ သူက သုံးသပ်ပါတယ်။
ဇော်မင်း ဆိုတဲ့ မြန်မာတယောက်ကတော့ သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ သူဟာ မြန်မာပြည်က စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေကောက်လို့ အဖမ်းခံရပြီး ဒဏ်ငွေရိုက်ခံခဲ့ရဖူးပါတယ်။ အဲဒီအဖြစ်ကို ပြန်တွေးတိုင်း ခုထိ ထိတ်လန့်နေရကြောင်း ဆိုပါတယ်။ သူက ထိုင်းလူမျိုးတွေအနေနဲ့ တနေ့နေ့မှာ မြန်မာပြည်သူတွေ၊ အထူးသဖြင့် ရက်စက်တဲ့ အုပ်ချုပ်မှုအောက်မှာ ဒုက္ခခံနေရသူတွေကို နားလည်စာနာလာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဇော်မင်းက "ကျနော်တို့နိုင်ငံ စစ်ဖြစ်နေချိန်မှာ လက်ခံထားပေးလို့ ထိုင်းနိုင်ငံကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အနိုင်ကျင့်ခံရတာ၊ အမြတ်ထုတ်ခံရတာမျိုးတွေ တွေ့ရင်လည်း မသိချင်ယောင်မဆောင်ဘဲ ကူညီပေးကြပါလို့ ထိုင်းပြည်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်" ပြောပါတယ်။
နာထာဖော့ဘ်ဆွန်ခက် ၊ နိချာဝေ့ဖန်းနီ နှင့် ခန်ဂျီဝက်ဘာ
Ref: HaRDstories
Photo Credit : Peerapon Boonyakiat/HaRDstories
(This investigation was originally published on hardstories.org. DVB translated this story into Burmese from the English version.