Home
နိုင်ငံတကာ
ထိုင်း-ကမ္ဘောဒီးယားစစ်ရေးပဋိပက္ခကြောင့် ထိုင်းစာသင်ကျောင်း ၇၅၀ ကျော် ပိတ်ထား
DVB
·
July 27, 2025
Photo: Reuters

ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်မှာ စစ်ရေးပဋိပက္ခပြင်းထန်လာတာကြောင့် ထိုင်းနိုင်ငံဘက်က စာသင်ကျောင်း ၇၅၀ ကျော်ကို ယာယီပိတ်ထားဖို့ အခြေခံပညာရေးကော်မရှင်ရုံး (OBEC) က အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

OBECရဲ့ အထွေထွေအတွင်းရေးမှူး ထာနု ဝေါင်ကျင်ဒါက ဒါဟာ မကြာသေးမီက နယ်စပ်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက်မှာ ပြောပါတယ်။

အဲဒီမတိုင်ခင် တရက်ကတော့ ကမ္ဘောဒီးယားက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစင်းဟာ ဆီဆခက်ပြည်နယ်၊ ကန်ထာလတ်ခရိုင်ရှိ PTT ဓာတ်ဆီဆိုင်ထဲက 7 Eleven ဆိုင်ကို ကျရောက်ခဲ့ပြီးနောက် စာသင်ကျောင်းတွေကို ယာယီပိတ်ထားဖို့ ထုတ်ပြန်လိုက်တာဖြစ်ကာ အဆိုပါ တိုက်ခိုက်မှုမှာတော့ ၉ တန်းကျောင်းသူ တယောက် သေဆုံးမှုအပါအဝင် ထိခိုက်သေဆုံးသူတွေ အများအပြားရှိခဲ့ပါတယ်။

လတ်တလော ညွှန်ကြားချက်တွေအရ နယ်စပ် ဆီဆခက်နဲ့ ယာဆိုထွန်ဒေသတွေထဲက ပဋိပက္ခဇုန်အနီး စာသင်ကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသားတွေအနေနဲ့ ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့၊ အတန်းတွေ ချက်ချင်းရပ်ဆိုင်းဖို့ ညွှန်ကြားထားသလို ကျောင်းတွေအားလုံး OBEC ရဲ့ အရေးပေါ်တုံ့ပြန်ရေး အစီအမံတွေကို တင်းတင်းကျပ်ကျပ် လိုက်နာပြီး ကျောင်းသားတွေ ဘေးကင်းရေးကို အနီးကပ် စောင့်ကြည့်ဖို့လည်း ညွှန်ကြားထားတယ်လို့ မစ္စတာထာနုက ပြောပါတယ်။

ထိုင်းပညာရေးဝန်ကြီး နာရူမွန်ပင်ရိုဆင်ဝပ်ကလည်း ထိခိုက်ခံစားရတဲ့ ကျောင်းသားတွေနဲ့ သူတို့မိသားစုတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဖူလုံရေး အထောက်အပံ့တွေ ချက်ချင်း ပေးအပ်သွားဖို့ ညွှန်ကြားထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဝန်ကြီးက ကျောင်းသားတွေ  ကျောင်းမှထွက်ခြင်းကနေ ကာကွယ်ဖို့၊ ရွှေ့ပြောင်းနေထိုင်စဉ်အတွင်း စိတ်ကျန်းမာရေး ပံ့ပိုးဖို့နဲ့ နယ်စပ်ရပ်ရွာတွေမှာ ပညာသင်ကြားခွင့် ပြန်လည်ရရှိရေးတို့အတွက် ကာလတို (၇ ရက်ကနေ ရက်ပေါင်း ၃၀) နဲ့ ရေရှည် ( ၃ လကနေ ၁၂ လ) အထိ ပြန်လည်ထူထောင်ရေး အစီအမံတွေကို ပေးအပ်သွားဖို့လည်း ညွှန်ကြားထားပါတယ်။

OBEC အမှုဆောင်တွေ၊ ဒေသန္တရပညာရေးအရာရှိတွေကတော့ ဒီအခြေအနေအပေါ် စဉ်ဆက်မပြတ် ပညာရေးအတွက် နောက်အဆင့်တွေကို ဆုံးဖြတ်ဖို့ အရေးပေါ်ကွင်းဆင်း အကဲဖြတ်တာတွေ ပြုလုပ်ကာ အစည်းအဝေး ခေါ်ယူသွားမှာဖြစ်သလို တိုးတက်မှုတွေနဲ့ အရေးပေါ်အစီအစဥ်တွေကိုလည်း မိဘတွေကို အသိပေးသွားမယ်လို့  ပြောပါတယ်။

Source : Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013