
ကမ္ဘောဒီးယားနဲ့ တိုက်ခိုက်နေမှုကို အဆုံးသတ်ဖို့ နိုင်ငံတကာရဲ့ ဖျန်ဖြေပေးမှုတွေကို ထိုင်းနိုင်ငံက ပယ်ချလိုက်ပါတယ်။
ထိုင်း၊ ကမ္ဘောဒီးယားနယ်စပ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိုင်းပြည်သူအများစုအပါအဝင် လူ ၁၆ ယောက် သေဆုံးကာ ဒုတိယနေ့မှာ နေရာ ၁၂ နေရာမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခဟာ စစ်ပွဲကို ဦးတည်နေတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ အမေရိကန်၊ တရုတ်၊ ဩစတြေးလျနဲ့ အာစီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံတို့က ဆွေးနွေးညှိနှိုင်းဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဒီကမ်းလှမ်းချက်ကို ထိုင်းနိုင်ငံက ပယ်ချခဲ့တာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “တတိယနိုင်ငံကနေ ကြားဝင်ညှိနှိုင်းပေးဖို့ မလိုဘူးလို့ ကျနော်ထင်ပါတယ်” လို့ ပြောတဲ့အကြောင်း ရိုက်တာက ဖော်ပြပါတယ်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပြဿနာဟာ ရာစုနှစ်တခုကျော်ကြာ အငြင်းပွားမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကြာသပတေးနေ့က ပစ်ခတ်မှုတွေ စဖြစ်လို့ ဒေသခံ ၁၃၀,၀၀၀ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပါတယ်။
ကမ္ဘောဒီးယားအစိုးရကတော့ နယ်စပ်အခြေအနေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကတော့ ကြိုတင်ကြံစည်ပြီး စစ်ရေးအရကျူးကျော်တာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံက ပြောဆိုထားမှုကို ရှုတ်ချထားပြီး ဒီအဖြစ်အပျက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုင်ကြားထားပါတယ်။
ကမ္ဘောဒီးယားဟာ ရှေ့တန်းမှာ အားပြင်းတဲ့ အဝေးပစ် အမြောက်တွေကို အသုံးပြုနေတယ်လို့ ဇူလိုင် ၂၅ ရက် ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီလိုတိုက်ခိုက်မှုဟာ ဆေးရုံတွေ အပါအဝင်လူနေထိုင်တဲ့အဆောက်အအုံတွေကို ပါထိခိုက်ပျက်စီးစေတယ်လို့လည်း ဆိုထားပါတယ်။
Source:Reuters