
လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကြား ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းမယ်ဆိုတာ ယုံကြည်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ ဇူလိုင် ၂၄ ရက် ညမှာ ထုတ်ပြန်ပြောဆိုလာပါတယ်။
ဒီ ၂ နိုင်ငံလုံးဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်သလို မြန်မာနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖြစ်ပြီး ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအပေါ်မြန်မာနိုင်ငံရဲ့သဘောထားအဖြစ် အခုလို ထုတ်ပြန်တာလို့ ဆိုပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံဟာ သံတမန်ဆက်ဆံရေး အဆင့်နှိမ့်ချလိုက်ကြောင်း နှစ်ဖက် ထုတ်ပြန်ကြေညာလိုက်တဲ့နောက် ဇူလိုင် ၂၄ ရက် ဒီကနေ့မနက် ၈ နာရီကျော်လောက်ကစ နယ်စပ်ခရိုင်တွေမှာ ပစ်ခတ်မှုဖြစ်ပွားပြီး မွန်းလွဲ ၁ နာရီထိ ထိုင်းဘက်ခြမ်းက ပြည်သူ ၉ ယောက်သေဆုံး၊ ၁၄ ယောက် ဒဏ်ရာရသွားတယ်လို့ Thai PBS သတင်းမှာ ဖော်ပြပါတယ်။
ပစ်ခတ်မှုတွေဟာ ဥဘွန်းရာ့ချ်ဌာနီ၊ ဆူရင်း၊ ဆီစကစ်၊ ဘူရီရမ်စတဲ့ ခရိုင် ၄ ခု နယ်စပ်တလျှောက်မှာ ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိနေတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်းနိကွဏ်းဒေချ် ဖလန်းကွန်းက- ဒီပစ်ခတ်မှုတွေဟာ ကမ္ဘောဒီးယားဘက်က ရည်ရွယ်ချက်ရှိရှိ စတင်ခဲ့တာဖြစ်ပြီး နိုင်ငံတကာ စစ်ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်၊ ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘောဒီးယားစစ်တပ်ရဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချပြီး အကြမ်းဖက်ပစ်ခတ်မှုတွေ ရပ်တန်းက ရပ်ဖို့ တောင်းဆိုတယ်၊ ကမ္ဘောဒီးယားဟာ အိမ်နီးချင်းကောင်း မပီသဘူး၊ လုပ်ဆောင်ချက်တွေအတွက် တာဝန်ယူရမယ်။ အချုပ်အခြာအာဏာ ကျူးကျော်ပစ်ခတ်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် ထိုင်းနိုင်ငံအနေနဲ့ တန်ပြန်ခုခံမှု အဆင့်မြှင့်ဖို့ အသင့်ရှိတယ်လို့ ဒီကနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပြောဆိုပါတယ်။
ထိုင်း အမှတ် ၂ စစ်တိုင်းဒေသကလည်း ဥဘွန်းရာ့ချ်ဌာနီခရိုင် နမ့်ယင်းမြို့နယ် ချောင့်အန်မာ့ဒေသနဲ့ မျက်နှာချင်းဆိုင်ရှိ ကမ္ဘောဒီးယား တပ်ရင်း ၂ ရင်းကို F-16 တိုက်လေယာဉ်တစင်းနဲ့ “ချေမှုန်း”လိုက်ပြီ လို့ ဇူလိုင် ၂၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာလီဆိုကျေးဒါး Maly Socheata ကတော့ “ဒီကနေ့မနက် ၇ နာရီလောက်မှာ ထိုင်းစစ်တပ်ဘက်က ဒရုန်းတွေ စတင်ပျံဝဲလာလို့ မိမိတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန်မှတပါး အခြားရွေးချယ်စရာလမ်း မရှိတာကြောင့် မနက် ၈ နာရီကျော်မှာ ကမ္ဘောဒီးယားဘက်က ပစ်ခတ်ရခြင်း ဖြစ်တယ်၊ ထိုင်းဘက်က ကမ္ဘောဒီးယား နယ်မြေကို ကျူးကျော်ဖို့ အင်အားအလွန်အကျွံနဲ့ တိုက်လေယာဉ်ကို အသုံးပြုတာဟာ တရားလွန်တယ်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ အာဆီယံ ပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေရဲ့ အခြေခံစည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်။ တာဝန်မဲ့ပြီး တရားမဝင်တဲ့ လုပ်ရပ်တွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက်သာမက နိုင်ငံတကာ စည်းမျဥ်းအုတ်မြစ်ကိုပါ ထိခိုက်စေတယ်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အပိုဒ် ၅၁ အရ ကမ္ဘောဒီးယားဟာ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိပြီး ထိုင်းနိုင်ငံရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရန်စမှုတွေကို ပြတ်ပြတ်သားသား တုံ့ပြန်မယ်” လို့ ဖနွမ်ပင်သတင်းဌာနကို ကိုးကားပြီး MGROnile သတင်းမှာ ဖော်ပြပါတယ်။
ကမ္ဘောဒီးယား ပြည်သူတွေဘက်က ထိခိုက်ဒဏ်ရာရမှု အခြေအနေတော့ မသိရသေးပါဘူး။ လူမှုကွန်ရက်မှာတော့ ထိုင်းရဲ့ F-16 တိုက်လေယာဉ်ကြောင့် ကမ္ဘောဒီးယားစစ်သည် အမြောက်အမြား သေဆုံးတယ်လို့ ဖော်ပြနေကြပါတယ်။