Home
မြန်မာသတင်း
ထိုင်းတွင် ဒရုန်းအသုံးပြုပြီး ဖောက်ထွင်းမှု၊ ခိုးမှု ကျူးလွန်သည့် မြန်မာ ၄ ဦး ဖမ်းဆီးခံရ 
DVB
·
July 24, 2025
Photo: Dailynews

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော်ဖငန်းမြို့နယ်ထဲမှာ ဒရုန်းအသုံးပြုပြီး ဖောက်ထွင်းမှု၊ ခိုးမှု ကျူးလွန်နေတဲ့ မြန်မာရွှေ့ပြောင်းလူငယ် ၄ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲမှာ ပစ္စည်းပျောက်ရှမှု မကြာခဏ ကြုံနေရကြောင်း၊ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ပစ္စည်းတွေပါ အခိုးခံရကြောင်း တိုင်ကြားမှုတွေရှိတာကြောင့် အမှတ် ၅ ဒေသ ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ရဲတပ်ဖွဲ့ ဦးဆောင်ပြီး တာဝန်ရှိသူတွေနဲ့ မသင်္ကာဖွယ် နေရာတွေ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ 

ကော်ဖငန်းမြို့  ရပ်ကွက် ၃ ရှိ  အိမ်နံပါတ်မဲ့ အိမ်တလုံးထဲက လူငယ်တွေဟာ အုပ်စုဖွဲ့ ဆူညံလေ့ရှိပြီး ညအချိန် ဒရုန်းတွေ လွှင့်နေတာတွေ့ကြောင်း ဒေသခံတွေ သတင်းပေးချက်အရ ဇူလိုင် ၂၂ ညနေပိုင်းမှာ သွားရောက်စစ်ဆေးခဲ့တယ်။ 

တာဝန်ရှိသူတွေ မြင်တော့ တချို့က အိမ်နောက်ဘက် တောထဲ ထွက်ပြေးသွားကြတယ်။ ရဲတွေက လိုက်ဖမ်းရာမှာ မြန်မာ ၃ ယောက် ဖမ်းဆီးရမိပြီး သူတို့နေတဲ့ အိမ်ထဲကိုပါ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြပါတယ်။ 

အဆိုပါအိမ်ကနေ စိတ်ကြွဆေးပြား ၆၆ ပြား၊ မူးယစ်ဆေးသုံးကိရိယာနဲ့  မောင်းသူမဲ့ ဒရုန်းစက်  ၂  လုံးကိုပါ တွေ့ရှိခဲ့တယ်၊ သူတို့ဟာ အဲဒီမူးယစ်ဆေးတွေကို စူရတ်ဌာနီနေ မြန်မာ ၁ ဦးဆီကနေ ဘတ် ၃၅၀၀ နဲ့ ဝယ်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။ 

အဲဒီလူတွေဟာ အလုပ်အကိုင်မရှိဘဲ ဘာကြောင့် ဈေးကြီးတဲ့ မူးယစ်ဆေးတွေ ဝယ်သုံးနိုင်သလဲ၊ ဒရုန်းကကော ဘာလုပ်ဖို့လဲ ဘယ်ရတာလဲလို့ စစ်ဆေးမေးမြန်းရာမှာတော့ ဒရုန်းကို နိုင်ငံခြားသားတွေ တည်းခိုတဲ့ အခန်းထဲမှ ခိုးယူခဲ့ကြောင်း၊ ဒရုန်းကို အသုံးပြုပြီး လူမနေဘဲ ပြတင်းပေါက် တံခါးပေါက်တွေ ဖွင့်ထားတဲ့အိမ်၊ ဖောက်ထွင်းဖို့ လွယ်ကူတဲ့ အိမ်တွေထဲ ဝင်ရောက်ပြီး တန်ဖိုးရှိပစ္စည်းတွေ ဝင်ယူတယ်၊ ရလာတဲ့ငွေကို မူးယစ်‌ဆေးဝယ်ပြီး မျှသုံးကြတယ်လို့  ဝန်ခံသွားပါတယ်။ 

တာဝန်ရှိသူတွေဟာ အဆိုပါနေရာကနေ အသက် ၂၅ နဲ့ ၃၀ ကြားရှိ ဝဏ္ဏဦး၊ ကျော်သူရ၊ စည်သူအောင်၊ မင်းခကျော် တို့ ၄ ဦးကို ဖမ်းဆီးခဲ့တယ်၊ အဲဒီထဲက ၂ ဦးမှာ ထိုင်းနိုင်ငံတွင်း ဗီဇာ ၁၅၀ ရက် ကျော်လွန်တာကြောင့် ခိုးမှုအပြင် လဝက ဥပဒေနဲ့ပါ အရေးယူခံရမယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောသွားပါတယ်။ 

Source: Dailynews / Thai PBS News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013