Home
နိုင်ငံတကာ
တိုက်ပွဲဖြစ်ချိန် ကမ္ဘောဒီးယားနှင့် နယ်စပ်ဂိတ်များ ထိုင်းပိတ်
DVB
·
July 24, 2025

အိမ်နီးချင်း ၂ နိုင်ငံအကြား တိုက်ပွဲတွေဖြစ်နေချိန်မှာပဲ ဇူလိုင် ၂၄ ရက်မှာ ထိုင်းအာဏာပိုင်တွေ ဟာ ကမ္ဘောဒီးယားနဲ့ ထိစပ်တဲ့ နယ်စပ်ဂိတ်တွေ အားလုံးကို ပိတ်ပစ်ကြောင်း ကြေညာခဲ့ပါတယ်။

အခြေအနေတွေ တင်းမာလာကတည်းက အထူးကြပ်မတ်စင်တာအနေနဲ့ နယ်စပ်တလျှောက် လုံခြုံရေး အစီအမံတွေကို အဆင့် ၂ ကနေ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက်က နယ်စပ် စစ်ဆေးရေးဂိတ်တွေကို အပြီးအပြတ်ပိတ်သိမ်းဖို့ အဆင့် ၄ ဆင့်ကို တိုးမြှင့်ဆောင်ရွက်ထားပါတယ်လို့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသ စီမံခန့်ခွဲရေး (SOC-TCBSM) မှ အထူးအလုပ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဆူရာစန့် ကုံးစီရီ က ပြောပါတယ်။ 

လောလောဆယ်မှာတော့ ကမ္ဘောဒီးယားဘက်က BM-21 ဒုံးပစ်လောင်ချာမျိုးစုံနဲ့ ၁၂၂ မီလီမီတာ အမြောက်တွေလို လက်နက်ကြီးတွေ ချထားပြီး ဆူရင်ပြည်နယ် ကက်ပ်ချုံးခရိုင်ရှိ လူနေအိမ်တွေနဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစင်တာတို့ အပါအဝင် ထိုင်းနယ်စပ်တလျှောက်ရှိ အရပ်သားနေအိမ်တွေနဲ့ အများပြည်သူ အဆောက်အအုံတွေ၊  ထိခိုက်ပျက်စီးမှုတွေရှိခဲ့ကြောင်း (SOC-TCBSM) မှ အထူးအလုပ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆူရာစန့် ကုံးစီရီက ပြောပါတယ်။

ထိုင်းဘက်ခြမ်းက အရပ်သားတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ကြောင်းလည်း ဆိုပါတယ်။

ဇူလိုင် ၂၄ ရက်က ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ဆီဆာကတ်ခရိုင်၊ ကန်ထရာလက်ရှိ ဂက်စ်ဆိုင်တဆိုင်မှာ မီးလောင်မှုကြောင့် လူ ၆ ယောက် သေဆုံးသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ 

ဂက်စ်ဆိုင်ဘေးရှိ ဂိုဒေါင် တခုကနေ မီးခိုးလုံးတွေ ထွက်နေတာကို မြင်ရပြီး အခင်းဖြစ်ပွားရာ နေရာမှာ မီးသတ်သမားတွေက မီးငြှိမ်းသတ်ဖို့ လုပ်ဆောင်နေကြပါတယ်။ အဲဒီနေရာမှာ လူ ၆ ယောက် သေဆုံးသွားပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်က ပြောပါတယ်။ 

ကြာသပတေးနေ့မှာ ထိုင်း F-16 တိုက်လေယာဉ်တစင်းဟာ ကမ္ဘောဒီးယားရှိ ပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၂ ဖက်စလုံးမှ ပြောကြားခဲ့ပါတယ်။ 

နယ်စပ်အငြင်းပွားမှုတွေကြောင့် သီတင်းပတ်တွေအတွင်း တင်းမာမှုတွေ တဖြည်းဖြည်း မြင့်တက် လာပြီးနောက်မှာ ပဋိပက္ခတွေ အရှိန်မြင့်လာကာ အရပ်သားအနည်းဆုံး ၂ ယောက် သေဆုံးခဲ့ရ ပြီးနောက်မှာ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာပါ။ 

အငြင်းပွားနယ်စပ်တလျှောက်မှာ ထိုင်းစစ်တပ် အသင့်ဖြန့်ချ ပြင်ဆင်ထားတဲ့ F-16 တိုက်လေယာဉ် ၆ စင်းထဲမှ တစ်စင်းဟာ ကမ္ဘောဒီးယားကို ပစ်ခတ်ခဲ့ပြီး စစ်ရေးပစ်မှတ် တခုကို ဖျက်ဆီးခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။ 

ကြာသပတေးနေ့ အစောပိုင်းမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့အပေါ်  ၂ နိုင်ငံစလုံးက အပြန်အလှန် စွပ်စွဲထားပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013