
ရာစုနှစ်တခုကျော်ကြာ တငွေ့ငွေ့ လောင်ကျွမ်းနေတဲ့ နယ်စပ်ပိုင်နက်အငြင်းပွားမှုကနေ ပွင့်လင်းတဲ့ စစ်ပွဲအသွင် ပေါက်ကွဲလာတဲ့ ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခ ဘာကြောင့်ဖြစ်ရသလဲ၊ သမိုင်းထဲက အငြိုးအတေး၊ နှစ်နိုင်ငံရဲ့ စစ်အင်အား ကွာခြားချက်၊ ပဋိပက္ခနောက်ကွယ်က နိုင်ငံရေးနဲ့ အပစ်ရပ်မှာလား၊ ဆက်တိုက်မှာလား ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
အပိုင်း (၁) တိုက်ပွဲအခြေအနေ
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ လူတွေသေဆုံးမှု၊ ထိခိုက်မှု၊ အပြန်အလှန်စွပ်စွဲမှုတွေနဲ့ ခေါင်းဆောင်ချင်း ပုဂ္ဂိုလ်ရေး အခင်အမင်ပျက်ရာကနေ တရားဝင် သံတမန်ဆက်ဆံရေး ပြတ်စဲတဲ့အထိ အခြေအနေတွေဟာ စစ်ပွဲဆီကို တွန်းပို့လာခဲ့ပါတယ်။
ဇူလိုင် ၂၅ ရက်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်တွေဟာ တိုက်ပွဲ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါဟာ နှစ်နိုင်ငံကြား ဆယ်စုနှစ် တခုကျော်အတွင်း အပြင်းထန်ဆုံးတိုက်ပွဲလည်း ဖြစ်ပါတယ်။ ထိုင်းဘက်ခြမ်းမှာ အရပ်သားအများစု အပါအဝင် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပြီးဖြစ်သလို၊ လူပေါင်း ၁၃၀,၀၀၀ ကျော်ဟာလည်း အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရပါတယ်။ ကမ္ဘောဒီးယားမှာတော့ တရားဝင်ထုတ်ပြန်မှုမှာ လူပေါင်း ၄,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရတယ်လို့ပဲသိရပြီး အသေအပျောက် တရားဝင် မသိရသေးပါဘူး။ ဒါဟာ ဇူလိုင် ၂၅ ရက် နေ့လယ်ပိုင်း အခြေအနေပဲ ဖြစ်ပြီးအချိန်နဲ့အမျှ အပြောင်းအလဲရှိနိုင်ပါတယ်။
ထိုင်းနိုင်ငံဟာ အမေရိကန် F-16 တိုက်လေယာဉ်တွေသုံးပြီး ကမ္ဘောဒီးယားတပ်ရင်း ၂ ခု ရဲ့ အခြေစိုက်စခန်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ရေးပစ်မှတ်တွေလို့ဆိုတဲ့ နေရာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ ဗီဒီယိုတွေ ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူဖို့ တရားဝင် တောင်းဆိုထားပါတယ်။
ကမ္ဘောဒီးယားဘက်က အမြောက်တွေနဲ့ ရုရှားလုပ် BM−21 ဒုံးကျည် စနစ်တွေကို အသုံးပြုခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။ ထိုင်းဟာ နိုင်ငံတကာမှာ အငြင်းပွားဖွယ်ဖြစ်တဲ့ Cluster ဗုံးတွေကို နေရာနှစ်ခုမှာ အသုံးပြုခဲ့တယ်လို့ ကမ္ဘောဒီးယားဘက်ကလည်း စွပ်စွဲထားပါတယ်။
ဒီတိုက်ပွဲတွေဟာ ဇူလိုင် ၂၄ ရက်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဖက်စလုံးက တခြားတဖက်က စခဲ့တာလို့ အပြန်အလှန်စွပ်စွဲထားကြပါတယ်။ အငြင်းပွားနယ်မြေမှာ တပတ်အတွင်း ထိုင်းစစ်သား ၂ ဦးအထိ မြေမြှုပ်မိုင်းကြောင့် ခြေလက်ဆုံးရှုံးခဲ့ပြီးတဲ့နောက် တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ပြန်ခေါ်ပြီး ဘန်ကောက်မှာရှိတဲ့ ကမ္ဘောဒီးယားသံတမန်ကို နှင်ထုတ်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီမြေမြှုပ်မိုင်းတွေဟာ အဲဒီဒေသမှာ မကြာသေးခင်ကမှ ထောင်ထားခဲ့တာလို့ ထိုင်းဘက်က ပြောဆိုခဲ့ပြီး၊ ကမ္ဘောဒီးယားဘက်ကတော့ စစ်ကျန်မိုင်းတွေလို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအပတ် တိုက်ပွဲတွေဆီကို ဦးတည်ခဲ့တဲ့ တင်းမာမှုတွေဟာ မေလကတည်းက အရှိန်တက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံ ၃ နိုင်ငံဆိုင်ရာ မြတြိဂံဒေသမှာ ကမ္ဘောဒီးယားစစ်သားတဦး တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့ပါတယ်။
အပိုင်း (၂) ရာစုနှစ်ချီတဲ့ နယ်မြေအငြင်းပွားမှု
ဒီနယ်စပ်အငြင်းပွားမှုရဲ့ မူလအစဟာ ၁၉၀၇ ခုနှစ်က ကမ္ဘောဒီးယားကို အုပ်ချုပ်ခဲ့တဲ့ ပြင်သစ်နဲ့ ထိုင်းနိုင်ငံရဲ့ အမည်ဟောင်းဖြစ်တဲ့ Rattanakosin ဘုရင့်နိုင်ငံခေါ် Siam ဘုရင်ရဲ့ သဘောတူညီချက်တခုမှာ အခြေခံခဲ့ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ရာစုနှစ်တခုကျော်ကတည်းက သူတို့ရဲ့ ၈၁၇ ကီလိုမီတာ (၅၀၈ မိုင်) ရှည်လျားတဲ့ ကုန်းမြေနယ်စပ်တလျှောက် နယ်နိမိတ်အတိအကျ သတ်မှတ်မထားတဲ့ နေရာတွေအတွက် ပိုင်ဆိုင်မှု အငြင်းပွားခဲ့ကြပါတယ်။ အငြင်းပွားရတဲ့ နယ်စပ်မြေပုံကို ကမ္ဘောဒီးယား ပြင်သစ်ကိုလိုနီဖြစ်စဉ်အခါက ပြင်သစ်တွေက ပထမဆုံး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ထိုင်းနိုင်ငံက လက်မခံတော့တဲ့ အဲဒီမြေပုံဟာ နှစ်နိုင်ငံကြားက သဘာဝအတိုင်းဖြစ်တည်နေတဲ့ ရေဝေကြောလိုင်းအတိုင်း နယ်နိမိတ် သတ်မှတ်မယ်ဆိုတဲ့ သဘောတူညီချက်အပေါ် အခြေခံထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ပြင်သစ်တွေဆွဲခဲ့တဲ့ မြေပုံဟာ မြေပြင်အနေအထားနဲ့ အမြဲတမ်းထပ်တူမကျခဲ့ဘဲ၊ ဒီနေ့အထိ တမြေ့မြေ့လောင်ကျွမ်းနေတဲ့ မရှင်းလင်းမှုတွေနဲ့ ပိုင်နက်ထပ်နေမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဝေဖန်မှုတွေရှိပါတယ်။
၁၁ ရာစုက တည်ထားခဲ့တဲ့ ပရိယဝိဟာရ (ထိုင်းအခေါ် ခေါ့ဖရာ့ဝိဟာန်) လို့ ခေါ်တဲ့ ဟိန္ဒူဘုရားကျောင်းဟာ ဆယ်စုနှစ်ပေါင်းများစွာ အငြင်းပွားမှုရဲ့ အဓိကဗဟိုချက်ဖြစ်ခဲ့ပါတယ်။ ဘန်ကောက်နဲ့ ဖနွမ်းပင် နှစ်ဖက်စလုံးက သမိုင်းအရ ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ငြင်းခုံခဲ့ကြပါတယ်။
နှစ်ပေါင်းများစွာ ငြင်းခုံအပြီးမှာ ဒီအမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို တင်သွင်းခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ICJ က ဘုရားကျောင်းရဲ့ အချုပ်အခြာအာဏာကို ကမ္ဘောဒီးယားကို ပေးအပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က ဘုရားကျောင်းဝင်းထဲက စစ်သားတွေကို ရုပ်သိမ်းခဲ့ပေမဲ့၊ ကျေနပ်မှု မရှိခဲ့ဘဲ ပတ်ဝန်းကျင်က ၄ ဒသမ ၆ စတုရန်းကီလိုမီတာရှိတဲ့ မြေနေရာအပေါ် သူတို့ရဲ့ ပိုင်ဆိုင်ခွင့်ကိုတော့ ဘယ်တော့မှ မစွန့်လွှတ်ခဲ့ပါ။
၂၀၀၀ ပြည့်နှစ်မှာတော့ နှစ်နိုင်ငံဟာ ထပ်နေတဲ့ မြေပိုင်ဆိုင်မှုပြဿနာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ပူးတွဲနယ်နိမိတ်ကော်မရှင်တရပ်ကို ဖွဲ့စည်းဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ အငြင်းပွားမှုတွေ ဖြေရှင်းရာမှာ တိုးတက်မှု သိပ်မရှိခဲ့ဘူး။
သမိုင်းဝင်နေရာ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေကြောင့် နှစ်နိုင်ငံကြား လူမျိုးရေးတင်းမာမှုတွေကို မြင့်တက်စေခဲ့ပါတယ်။ ကမ္ဘောဒီးယားရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အန်ကောဝပ်ဘုရားကျောင်း ပိုင်ဆိုင်မှုကို မေးခွန်းထုတ်တဲ့ ထိုင်းအနုပညာရှင်တယောက်ရဲ့ ပြောစကားကြောင့် ၂၀၀၃ ခုနှစ်တုန်းက ဖနွမ်းပင်မြို့မှာ ဆူပူသူတွေက ထိုင်းသံရုံးနဲ့ ထိုင်းစီးပွားရေးလုပ်ငန်းတွေကို မီးရှို့တိုက်ခိုက်ခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာ ကမ္ဘောဒီးယားက ဖရာ့ဝိဟာရဘုရားကျောင်းကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် စာရင်းတင်သွင်းခဲ့ချိန်မှာ အခြေအနေတွေဟာ ပြန်တင်းမာလာခဲ့ပြန်ပါတယ်။ အသေအပျောက်ရှိတဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြန်ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ တပတ်ကြာမြင့်တဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာ လူတဒါဇင်လောက် သေဆုံးခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ ICJ က ၁၉၆၂ ခုနှစ် စီရင်ချက်ကို ထပ်မံရှင်းလင်းခဲ့ပြီး၊ ဘုရားကုန်းတော်တခုလုံးဟာ ကမ္ဘောဒီးယားပိုင်ဖြစ်ကြောင်းနဲ့ ထိုင်းစစ်သားတွေကို ရုပ်သိမ်းဖို့ အမိန့်ချခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက တရားရုံးရဲ့စီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုခဲ့ပါဘူး။
ဒါဟာ ဥပဒေရေးရာ ငြင်းခုံမှုသက်သက်မဟုတ်ဘဲ၊ အမျိုးသားရေးလက္ခဏာနဲ့ ရာစုနှစ်များစွာကြာတဲ့ သမိုင်းနဲ့ ဆက်စပ်တဲ့ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတခုလည်း ဖြစ်တယ်လို့ ထိုင်းဘက်က ပညာရှင်တွေက ဆိုကြပါတယ်။
ချူလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခတဦးဖြစ်တဲ့ Thitinan Pongsudhirak ကတော့ “နှစ်ဖက်စလုံး၊ ကမ္ဘောဒီးယားတွေရော၊ ထိုင်းတွေရော သမိုင်းနဲ့ပတ်သက်ပြီး မကျေမနပ် ဖြစ်ကြတယ်။ ထိုင်းတွေဘက်ကတော့ ပြင်သစ်က သူတို့မြေကိုယူပြီး ကမ္ဘောဒီးယားကို ပေးခဲ့တယ်လို့ ခံစားရတယ်။ ကမ္ဘောဒီးယားတွေကတော့ ဒါဟာ လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက သူတို့ရဲ့ ယဉ်ကျေးမှုဖြစ်ပြီး၊ သူတို့ရဲ့မြေပဲလို့ ခံယူထားကြတယ်” လို့ သုံးသပ်ပါတယ်။
အပိုင်း (၃) စစ်အင်အားနှိုင်းယှဉ်ချက်
စစ်အင်အားနဲ့ ပတ်သက်လို့ အဘက်ဘက်က ခြုံကြည့်မယ်ဆိုရင်တော့ ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားစစ်တပ်ထက် အဆပေါင်းများစွာ သာလွန်နေပါတယ်။
အမေရိကန်ရဲ့ နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ အဓိကမဟာမိတ်နိုင်ငံဖြစ်တဲ့ ထိုင်းဟာ ကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ ၆ ဘီလီယံ နီးပါးရှိပြီး၊ ကမ္ဘောဒီးယားကတော့ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံပဲ ရှိပါတယ်။ ထိုင်းမှာ တာဝန်ထမ်းဆောင်ဆဲ စစ်သည် ၃၆၀,၀၀၀ ကျော်ရှိပြီး၊ ကမ္ဘောဒီးယားရဲ့ စစ်သည်အင်အား ၁၂၄,၀၀၀ ထက် သုံးဆပိုများပါတယ်။
ကြည်းတပ်မှာဆိုရင်လည်း ထိုင်းဘုရင့်တပ်မတော်ဟာ အလွန်အားကောင်းပါတယ်။ စစ်သည်အင်အားတင်မကဘဲ၊ တိုက်ခိုက်ရေးတင့်ကား ရာပေါင်းများစွာ၊ သံချပ်ကာယာဉ် ၁,၀၀၀ ကျော်နဲ့ အားကောင်းတဲ့ အမြောက်တပ်ဖွဲ့တွေကလည်း အားဖြည့်ပေးထားပါတယ်။ ထိုင်းကြည်တပ်မှာတင် အမေရိကန်လုပ် Black Hawk ရဟတ်ယာဉ် ဒါဇင်နဲ့ချီရှိသလို ခေတ်မီဒရုန်းတွေပါဝင်တဲ့ ကိုယ်ပိုင်လေယာဉ်အုပ်စုတောင် ရှိပါတယ်။
ကွာခြားမှုကတော့ လေတပ်မှာ အထင်ရှားဆုံးပါပဲ။ ထိုင်းဘုရင့်လေတပ်ဟာ ဒေသတွင်းမှာ အကောင်းဆုံးတွေထဲက တခုဖြစ်ပါတယ်။ ဒီပဋိပက္ခမှာ အမေရိကန်လုပ် F-16 တွေက လုံးဝအားသာချက်ဖြစ်နေပါတယ်။ ကမ္ဘောဒီးယားလေတပ်မှာတော့ တိုက်လေယာဉ်လုံးဝမရှိပါ။ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ၊ တရုတ်နဲ့ ဆိုဗီယက်ခေတ်လုပ် ရဟတ်ယာဉ် အနည်းငယ်ပဲရှိပါတယ်။
ရေတပ်အင်အားမှာလည်း ထိုင်းကပဲ အပြတ်အသက်သာလွန်နေပါတယ်။ ကမ္ဘောဒီးယားဟာ သူ့ရဲ့ ဒုံးကျည်တွေ၊ အမြောက်တွေနဲ့ ထိခိုက်အောင်လုပ်နိုင်ပေမဲ့ လူအင်အား၊ လက်နက်အင်အား စစ်ရေးကဏ္ဍအားလုံးမှာ အများကြီးနောက်ကျကျန်နေပါတယ်။
ထိုင်းနိုင်ငံဟာ သူ့ရဲ့ သာလွန်အင်အား အပြည့်အဝထုတ်သုံးဖို့ လို၊ မလိုဆိုတာပဲ မေးခွန်းထုတ်စရာရှိနေပါတယ်။
အပိုင်း (၄) ပဋိပက္ခနောက်ကွယ်က နိုင်ငံရေး
ဒီလို စစ်ရေးမညီမျှမှုတွေရှိနေပေမဲ့၊ နိုင်ငံရေး ဆုံးဖြတ်ချက်တွေက ပိုအရေးပါနေပါတယ်။ ဒါကိုနားလည်ဖို့ဆိုရင် ဘန်ကောက်နဲ့ ဖနွမ်းပင်က ခေါင်းဆောင်တွေ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးဖိအားတွေကို ကြည့်ရမှာဖြစ်ပါတယ်။
ဟိုးအရင်ကတည်း မပြေလည်တဲ့ ကိစ္စ အခုမှ အကျယ်ကျယ်ဖြစ်ရတဲ့နေရာမှာ နှစ်နိုင်ငံစလုံးရဲ့ ပြည်တွင်းနိုင်ငံရေးက အဓိက မီးထိုးပေးနေတာလို့ ပြောလို့ရပါတယ်။ အမျိုးသားရေး ဂုဏ်သိက္ခာဟာ အားကောင်းတဲ့လက်နက်တခုဖြစ်သလို၊ ကိုယ့်ဘက်က အားနည်းတဲ့ပုံစံ ဖြစ်သွားတာနဲ့ နိုင်ငံရေးအရ သေကြောင်းကြံသလို ဖြစ်သွားနိုင်ပါတယ်။
ထိုင်းအစိုးရဟာ အင်မတန် မတင်မကျဖြစ်တဲ့ အနေအထားရောက်နေပါတယ်။ ဝန်ကြီးချုပ် ဖဲထောင်ထန်း ရှင်နာဝပ်ဟာ ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ဖုန်းပြောဆိုခဲ့တဲ့ အသံဖိုင်ပေါက်ကြားပြီးနောက်မှာ တာဝန်က ဆိုင်းငံ့ခံထားရပါတယ်။
အဲဒီအသံဖိုင်ထဲမှာ သူက ထိုင်းစစ်တပ်ရဲ့ အမှတ် ၂ စစ်တိုင်းမှူးအပေါ် ရန်ဘက်လို ပြောဆိုပြီး ဟွန်ဆန်ကို အလျှော့ပေး၊ ပျော့ညံ့တဲ့ပုံစံပြခဲ့တာကြောင့် ပြည်သူတွေ ဒေါသဖြစ်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်ဟာ အစိုးရရဲ့ အစိတ်အပိုင်းတခုထက် ပိုတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ စစ်တပ်ဟာ ထိုင်းနိုင်ငံရေးမှာ အဓိကနေရာကနေ ပါဝင်ခဲ့သလို ဒီမိုကရေစီအစိုးရတွေကို ဖြုတ်ချပြီးတော့ အာဏာသိမ်းမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့တဲ့ အစဉ်အလာရှိပါတယ်။ သူတို့ကိုယ်သူတို့ ဘုရင်စနစ်ကို ကာကွယ်သူအဖြစ်လည်း ပုံဖော်ထားကြပါတယ်။ ဘယ်အရပ်သားခေါင်းဆောင်မဆို၊ အထူးသဖြင့် နယ်စပ်အရေးအခင်းကာလမှာ စစ်တပ်ကို အားနည်းအောင်လုပ်တယ်၊ မလေးစားဘူးလို့ အမြင်ခံရမယ်ဆိုရင် နိုင်ငံရေးအရ လုံးဝနိဂုံးချုပ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုအစိုးရဟာ အားနည်းတဲ့ပုံစံ လုံးဝပြလို့မရပါဘူး။
တဖက်မှာတော့ ကမ္ဘောဒီးယားကို ဆက်အုပ်ချုပ်နေတယ်လို့ ယူဆရတဲ့ ဟွန်ဆန်ဟာ သားဖြစ်သူ ဝန်ကြီးချုပ်ဟွန်မာနက်အပေါ် ထောက်ခံမှုရစေဖို့ ဒီအကျပ်အတည်းကို အသုံးချနေတာလည်း ဖြစ်နိုင်ပါတယ်။ သူ့သားကို “စစ်ကာလခေါင်းဆောင်” တယောက်ဖြစ်လာအောင် ဖန်တီးပြီး သူ့အဖေရဲ့ အရိပ်ကနေ လွတ်မြောက်အောင် ကူညီပေးဖို့ ရည်ရွယ်ချက်ရှိနိုင်ပါတယ်။ တဖက်မှာလည်း ကမ္ဘောဒီးယားရဲ့ စီးပွားရေးအခက်အခဲတွေကနေ လူထုကို အာရုံလွှဲဖို့ အသုံးချနေတာလည်း ဖြစ်နိုင်ပါတယ်။ ခေါင်းဆောင် ချင်းဖုန်းပြောခဲ့တဲ့ အသံဖိုင်ကိုဖွင့်ချတာ၊ သက်ဆင်မိသားစုအောက်ဖဲတွေ တချပ်ပြီးတချပ် ထိုင်လှန်နေတာကြည့်ရင် ဟွန်ဆန်ရဲ့ ကိုယ့်ကျင့်သိက္ခာကိုလည်း မှန်းဆလို့ရပါတယ်။
ဆိုလိုတာက အမျိုးသားရေးဝါဒနဲ့ ပြည်တွင်းဖိအားတွေကြားမှာ ပိတ်မိနေတဲ့ အစိုးရနှစ်ခု ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါကြောင့် အလျှော့အတင်းလုပ်ဖို့ အရမ်းခက်ခဲသွားစေပါတယ်။ ဘယ်ဘက်ကမှ နောက်မဆုတ်တဲ့အတွက် တိုက်ပွဲတွေဟာ ဒီလောက်ပြင်းထန်နေရတာလည်း ဖြစ်ပါတယ်။
အပိုင်း (၅) အပစ်ရပ်ကြမှာလား ဆက်တိုက်ကြမှာလား
တိုက်ပွဲတွေပြင်းထန်နေချိန်မှာ နိုင်ငံတကာအသိုက်အဝန်းတော့ ထုံးစံအတိုင်းပဲ စိုးရိမ်ကြောင်း ဖော်ပြ နေကြပါတယ်။
ထိုင်းရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကတော့ “တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့” တောင်းဆိုထားပါတယ်။
နှစ်နိုင်ငံလုံးမှာ သြဇာလွှမ်းမိုးမှုရှိတဲ့ တရုတ်နိုင်ငံကလည်း အလွန်စိုးရိမ်မိကြောင်းနဲ့ “အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်လိုကြောင်း” ပြောထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံကလည်း ကြားဝင်ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က နှစ်နိုင်ငံခေါင်းဆောင်တွေနဲ့ စကားပြောခဲ့ပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။
ကမ္ဘောဒီးယားကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အားကိုးပြီး နိုင်ငံတကာကြားဝင်ဖြေရှင်းမှု တောင်းဆိုနေပါတယ်။
ဒီဇာတ်လမ်းဟာ ကိုလိုနီခေတ်မြေပုံတွေကနေ မွေးဖွားလာပြီး၊ အမျိုးသားရေးဂုဏ်သိက္ခာနဲ့ ခေတ်သစ်နိုင်ငံရေးက မီးထိုးပေးထားတဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတခုသာဖြစ်ပါတယ်။
တိုက်ပွဲတွေကနေ စစ်ပွဲကြီး ဖြစ်လာနိုင်တယ်လို့ ထိုင်း ယာယီဝန်ကြီးချုပ် ဖူမ်ထမ် ဝေ့ချရာချိုင်း က ဇူလိုင် ၂၅ ရက်မှာ သတင်းထောက်တွေကို ပြောထားပါတယ်။ ဒါပေမဲ့ ညနေပိုင်းမှာတော့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုကို အာဆီယံဥက္ကဋ္ဌအနေနဲ့ မလေးရှားဝန်ကြီးချုပ်က ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှာကို ခွင့်ပြုဖို့ ထိုင်းဘက်က မူအားဖြင့် သဘောတူလိုက်ပေမဲ့၊ ကမ္ဘောဒီးယားဘက်က ဒီပဋိပက္ခကို ဖြေရှင်းလိုတဲ့ သဘောရိုးမှန်ကန်ကြောင်း ပြသရမယ်လို့ ထိုင်းယာယီဝန်ကြီးချုပ်က ထပ်ပြောထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၂၅ ရက် ညနေပိုင်းထုတ်ပြန်ချက်မှာလည်း မလေးရှားရဲ့ အဆိုပြုချက်ကို မူအားဖြင့် သဘောတူပြီး အစီအစဉ်ကို စဉ်းစားသွားမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ “မြေပြင်မှာ သင့်တော်တဲ့ အခြေအနေတွေ” ပေါ်မှာ အခြေခံရမှာဖြစ်တယ်လို့ လည်းပါရှိပါတယ်။
“ဒီနေ့ (ဇူလိုင်လ ၂၅ ရက်နေ့) တနေ့လုံးမှာ ကမ္ဘောဒီးယားတပ်ဖွဲ့တွေက ထိုင်းပိုင်နက်ထဲကို ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်ဆိုတာ မဖြစ်မနေဖော်ပြရမယ်လို့" လို့ ဝန်ကြီးဌာနက X လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
“ကမ္ဘောဒီးယားရဲ့ လုပ်ရပ်တွေဟာ သဘောထား ဖြောင့်မှန်မှုမရှိတာကို ပြသနေပြီး အရပ်သားတွေကိုလည်း အန္တရာယ်ကျရောက်အောင် ဆက်လက်လုပ်ဆောင်နေပါတယ်” လို့လည်း ဆိုပါတယ်။
ဒီကြေညာချက်အရတော့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေ တိုးတက်လာပေမဲ့ မရေရာသေးဘူးလို့ ဆိုနိုင်ပါတယ်။ အပစ်အခတ် ရပ်စဲရင်တောင်မှ အခြေအနေဟာ ခဏချင်းမှာ ပြောင်းလဲသွားနိုင်တဲ့အတွက် ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဒီအချိန်မှာ သတင်းတုတွေပြဿနာဟာလည်း ပဋိပက္ခအပေါ် ကြီးကြီးမားမားလွှမ်းမိုးနေပါတယ်။ ဒီဂျစ်တယ်ခေတ်မှာ သတင်းအချက်အလက် စစ်ပွဲကို X, Facebook ကနေ TikTok နဲ့ Telegram အထိ လူမှုကွန်ရက်ပလက်ဖောင်းတိုင်းမှာ ဆင်နွှဲနေကြပါတယ်။ ဒါကြောင့် ဒီပဋိပက္ခနဲ့ ပတ်သက်တဲ့ သတင်းတွေ တိကျမှန်ကန်မှုကို ဂရုတစိုက်သုံးသပ်ဖို့၊ မှန်ကန်တာသေချာမှ မျှဝေဖို့လည်း အရေးကြီးပါတယ်။
အထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးသတိထားဖို့လိုအပ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ မကြာသေးမီကလည်း ခမာ နဲ့ မြန်မာမှားပြီးတော့ ထိုးကြိတ်ခံရတယ်ဆိုတဲ့ ဗီဒီယိုင်ဖိုင်တခု လူမှုကွန်ရက်မှာ ထွက်ပေါ်လာတာတွေ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးနဲ့ စစ်ရေးခေါင်းဆောင်တွေရဲ့ ပါဝါကစားပွဲမှာ နှစ်နိုင်ငံ နယ်စပ်က ဒေသခံတွေ၊ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ပဋိပက္ခရဲ့ ဘေးထွက်ဆိုးကျိုးသက်ရောက်မှုကို ကြုံတွေ့ရနိုင်ခြေရှိနေပါတယ်ခင်ဗျာ။
စိုင်းခေတ်နွေ