
လူသေဆုံးမှုနှုန်း တိုးလာတာကြောင့် ထိုင်းနိုင်ငံအနေနဲ့ ချက်ချင်းအပစ်အခတ်ရပ်ဖို့ ကမ္ဘောဒီးယားနိုင်ငံက တောင်းဆိုထားပါတယ်။
နယ်စပ်ပဋိပက္ခကြောင့် ၂ နိုင်ငံ ပစ်ခတ်မှုတွေ ဖြစ်ပွားရာကနေ လက်ရှိ လူ ၃၀ ကျော် သေဆုံး နေပါတယ်။
ကုလသမဂ္ဂရဲ့ ကမ္ဘောဒီးယားသံတမန် ချီရာကီအိုက သူ့နိုင်ငံဟာ ခြွင်းချက်မရှိ အပစ်ခတ်ရပ်ဖို့ ပြောဆိုထားပြီး ကမ္ဘောဒီးယားနိုင်ငံကလည်း ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ ဆန္ဒရှိတယ်လို့ ထပ်မံ ပြောထားပါတယ်။
ထိုင်းနိုင်ငံကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားအရေးနဲ့ပတ်သက်ပြီး တတိယနိုင်ငံတွေရဲ့ ကြားဝင်ဖြေရှင်းပေးမှုကို ပယ်ချထားပြီး နယ်စပ် ၈ ခရိုင်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။
ကြာသပတေးနေ့က နယ်စပ်မှာ စတင်ပစ်ခတ်မှုတွေ ပြုလုပ်တယ်ဆိုပြီး ၂ နိုင်ငံစလုံးက စွပ်စွဲထား ပြီး လက်ရှိအချိန်မှာ စစ်သားနဲ့ အရပ်သား ၃၂ ယောက် ထက်မနည်း သေဆုံးခဲ့သလို လူ ပေါင်း ၂၀၀,၀၀၀ နီးပါးလည်း ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။
စနေနေ့မှာတော့ ကမ္ဘောဒီးယားဟာ တောင်ပိုင်းမှာရှိတဲ့ ကမ်းခြေအနီးကို ပစ်ခတ်ခဲ့တာကြောင့် ရေတပ်က ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ကြာသပတေးနေ့ကစပြီး လူ ၁၉ ယောက် သေဆုံးခဲ့ပြီး အရပ်သား ၁၃ ယောက်နဲ့ စစ်သား ၆ ယောက်တို့ ပါဝင်တယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ လူ ၁၃ ယောက် သေဆုံးခဲ့ပြီး ၈ ယောက်ဟာ အရပ်သားတွေဖြစ်ကာ စစ်သား ၅ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားနယ်စပ်မှာလည်း ဒေသခံ ၃၅၀၀၀ ဟာ အိမ်တွေကို ပစ်ပြီး စစ်ဘေးရှောင် နေရတယ်လို့ ပြောပါတယ်။
ထိုင်းယာယီဝန်ကြီးချုပ်ကတော့ နယ်စပ်ပြဿနာတွေက စစ်ပွဲဆီသွားနေတယ်လို့ သောကြာနေ့က ပြောဆိုထားပါတယ်။
ထိုင်းနယ်စပ်တလျှောက် နေရာ ၁၂ ခုမှာ လက်နက်ကြီးတွေ ဖြန့်ကြပ်ထားတယ်လို့လည်း သူက ဆိုပါတယ်။
Source:Reuters