
တရုတ်-မြန်မာ နယ်စပ်၊ မူဆယ် လွယ်တိန်ခမ်း ဘုရားတောင်ကုန်းပေါ်မှာ ဇူလိုင် ၂၆ ရက်နေ့မနက်က အမျိုးသမီးတယောက် လုယက် သတ်ဖြတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “ဒီမနက် တောင်ပေါ်ဘုရားမှာ ဖုန်းလုတာ မပေးလို့ ခုတ်ထားတာ လက်လည်း ပြတ်သွားတယ်။ မူဆယ်ဆေးရုံမှာ ရောက်တာနဲ့ သွေးထွက်လွန်ပြီး သေသွားတာတဲ့။ တရုတ်ငွေတွေလည်း ပါတယ်လို့ပြောတယ်” လို့ ပြောပါတယ်။
ပန်းခြံဘေးနားက လမ်းကနေ ဆင်းလာတာမှာ လုယက် ဓားခုတ်ခံရတာဖြစ်ပြီး ခုတ်တဲ့ လူကတော့ ထွင်ပြေးသွားတယ်လို့ သူက ပြောပါတယ်။
မူဆယ်မှာက လူတယောက်ကို သတ်ပစ်ဖို့ ဝန်မလေးကြတာကြောင့် ကြောက်လန့် စိုးရိမ်နေရပြီး လုံခြုံမှုလုံးဝ မရှိတော့ဘူးလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသား တယောက်က “လွယ်တိန်ခမ်းတောင်ပေါ် အလှူခံတဲ့ နေရာမှာ အလှူခံနေတဲ့ အမျိုးသမီး ဓားခုတ်ခံရလို့ သေဆုံးသွားတာ။ ဒီနေ့ ဇူလိုင်လ ၂၆ ရက်နေ့မနက်ကဖြစ်တာ။ မီးသတ်နားကတော့ ဟိုနေ့ကဖြစ်တာ” လို့ ပြောပါတယ်။
လုယက် ဓားခုတ်ခံရတဲ့ အမျိုးသမီးက လုယက်တာကို မပေးလို့ ခေါင်းမှာရော အကြိမ်ပေါင်းများစွာ ခုတ်ထားတယ်လို ဆိုပါတယ်။
ဇူလိုင် ၂၅ ရက်နေ့မှာလည်း ဈေးဘက်က ဟိုတယ်တခုနားမှာ ပစ်ခတ်မှုဖြစ်ခဲ့သလို ဇူလိုင် ၂၄ ရက်နေ့ ညနေမှာလည်း စရဖ ရုံးနားက လမ်းမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မူဆယ်မှာတော့ စစ်ကောင်စီအပြင် ပြည့်သူ့စစ်အဖွဲ့ အများအပြားရှိနေပြီး မကြာခဏ လုယက်မှု၊ ဓားပြတိုက်မှု၊ ခိုးမှု၊ ဖောက်ထွင်းမှု၊ ပြန်ပေးဆွဲမှု၊ ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားကာ လောင်းကစားရုံ နဲ့ အွန်လိုင်းငွေလိမ်လည် ကုမ္ပဏီ ရာချီရှိကာ ပြစ်မှု ကျူးလွန်သူတွေကို ဖမ်းဆီး အရေးယူနိုင်တာမျိုး မရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။