Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျဉ်းသား ၁၂၄ ဦး ဆေးကုသခွင့်မရသဖြင့် သေဆုံး
DVB
·
July 26, 2025

စစ်တပ် အာဏာသိမ်း ၄ နှစ်ကျော်ကာလမှာ ထောင်တွင်းလုံလောက်တဲ့ ဆေးဝါးကုသခွင့် မရလို့သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၁၂၄ ယောက်ရှိခဲ့ပြီး အိုးဘိုထောင်တွင်း သေဆုံးမှုက အများဆုံးဖြစ်တယ်လို့  DVB ဒေတာအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်အထိ နိုင်ငံတဝန်း အကျဉ်းထောင်တွေအတွင်း လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်ခွင့်တွေ ဆေးဝါးကုသခွင့်တွေ မရရှိခဲ့လို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၁၂၄ ယောက်ရှိခဲ့တာပါ။

 ၂၀၂၁ ခုနှစ်မှာ ၆ ယောက်၊ ၂၀၂၂ ခုနှစ်မှာ ၁  ယောက်  ၂၀၂၃ မှာ အယောက် ၂၀ ၊ ၂၀၂၄ မှာ ၂၂ ယောက်နဲ့ ၂၀၂၅ ခုနှစ် ပထမ ၇ လအတွင်းမှာတင် ငလျင်ကြောင့် သေဆုံးခဲ့ရသူတွေအပါအဝင် ၇၅ ယောက်ထိ ရှိခဲ့ပါတယ်။

DVB က စုစည်းထားတဲ့ စာရင်းအရကတော့ နိုင်ငံတဝန်း အကျဉ်းထောင်တွေနဲ့ ရဲစခန်းအချုပ် တွေမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားအရေအတွက်ဟာ အိုးဘိုထောင်က ၆၃ ယောက်နဲ့ အများဆုံးလည်းဖြစ်ပါတယ်။

အိုးဘိုထောင်မှာ ငလျင်ကြောင့်သေဆုံးခဲ့ရသူတွေ များပြားခဲ့တာကြောင့်ဖြစ်ပေမဲ့ နောက်ဆက်တွဲ ဆေးဝါးကုသမှုတွေမှာတော့ အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကြောင့် ကျဆုံးခဲ့ရတာဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM)  ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“သေဆုံးမှုတွေဟာ ဒီထက်ပိုများနေတယ်ဆိုတာကို ပြောရမှာ ဖြစ်တယ်။ ၂၀၂၄-၂၀၂၅ အတွင်းမှာ နိုင်ကျဉ်းတွေ အတော်လေးကိုမှ ကျဆုံးခဲ့ကြပါတယ်။ သေဆုံးမှုများတယ်ဆိုတာကလည်း သဘာဝ ဘေးကြောင့် သေဆုံးရတယ်ဆိုတာကိုတော့ ကြည့်လိုက်လို့မြင်နိုင်ပေမဲ့ တကယ်တော့ နောက်ကွယ်မှာ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့၊ ဖိနှိပ်မှုတွေနဲ့ ဆေးဝါးတွေကို ကန့်သတ်လို့ အရေးကြီး အကျဉ်းသားတွေကို အချိန်မီ ပြင်ပဆေးရုံတွေကို မပို့ဆောင်ခဲ့လို့ ကျဆုံးရတာက သေဆုံးရတဲ့နောက်ကွယ်က ကိစ္စဖြစ်ပြီးပိုများပါတယ်။ ဒါကြောင့်မလို့ ထောင် အာဏာပိုင်တွေကြောင့် သေဆုံးမှုပိုများခဲ့တယ်လို့ပြောရရင် ပိုမှန်ပါလိမ့်မယ်။”

ဒီအချက်အလက်တွေက DVB က ကိုယ်တိုင်ကောက်ယူထားသလို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) ရဲ့ ပံ့ပိုးကူညီမှုတွေကနေ ရရှိလာတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေထဲ အမျိုးသား ၈၀ ၊ အမျိုးသမီး ၂၅ ယောက်၊ LGBT  တယောက်နဲ့ အတည်မပြုနိုင်သူ ၁၈ ယောက်တို့ ပါဝင်ပါတယ်။

လက်ရှိထောင်တွေထဲမှာ သောက်သုံး‌ရေနဲ့ ချိုးရေ မသန့်ရှင်းတာကျွေးတဲ့ ဆန်မကောင်းတာ၊ ထောင်တွင်း‌ ကူးစက်ရောဂါတွေနဲ့ စစ်ကြောရေးဒဏ်တွေကြောင့် ရရှိလာတဲ့ နာတာရှည်ရောဂါ ဝေဒနာခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေ များစွာကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသူများအဖွဲ့ (WOPP) က ပြောပါတယ်။

အဖွဲ့ရဲ့ တာဝန်ရှိသူ မဇူးဇူးမေကတော့ မတရားကျဆုံးသွားကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေအတွက် တရားမျှတမှုရအောင် ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

“လက်ရှိမှာ ဆေးဝါးကုသခွင့်မရလို့ အသက်အန္တရာယ်  စိုးရိမ်နေရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေလည်း အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတယ်ပေါ့။ ဝတ်ရည်အောင်ရဲ့ ကျဆုံးမှုဟာ မတရားပုဒ်မ အချခံရတယ်။ မတရားညှဉ်းပန်းနှိပ်စက်ခံရတယ်။ မတရား အသတ်ခံလိုက်ရတာပေါ့၊။ ဒါမျိုးတွေ ခံလိုက်ရပြီးမှာ ထောင်ထဲမှာ ဆေးဝါးကုသခွင့်မရလိုက်ရတဲ့ ဝတ်ရည်အောင်လို ကလေးတွေအများကြီးရှိနေသေးတဲ့အတွက် ကျမတို့သည် ဝတ်ရည်အောင်အတွက် တရားမျှတမှုအပါအဝင် အကျဉ်းထောင်တွေထဲမှာကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားတွေအတွက် တရားမျှတမှုကို ရတဲ့နည်းနဲ့ ကျမတို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

ထောင်ဒဏ် ၇ နှစ်ကျခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး (ခ) ကရင်လေးကို ဘားအံ ထောင်ဝန်ထမ်း အယောက် ၃၀ လောက်က ဝိုင်း ရိုက်နှက်လို့  သေဆုံးခဲ့ရကြောင်းလည်း သိရပါ တယ်။

ဇူလိုင် ၂၁ ရက်နေ့ကတည်းက ကျဆုံးခဲ့ပေမဲ ထောင်ဝန်ထမ်းတွေဘက်ကတော့ နှလုံးရောဂါနဲ့ ကျဆုံးရတာလို့ လိမ်လည်ပြောဆိုနေကြာင်း PPNM က  ထုတ်ပြန်ထားတာပါ။ 

စစ်တပ်အာဏာသိမ်းတဲ့ ၄ နှစ်ကျော်အတွင်းမှာ ကျန်းမာရေးကြောင့် ကျဆုံးသူတွေအပါအဝင် ထောင်တွင်း၊ ထောင်ပြင်ပ နဲ့ စစ်ကြောရေးမှာ  ဥပဒေမဲ့ သတ်ဖြတ်ခံရသူ၊ ထောင်ပြောင်းမယ်လို့ဆိုကာ အပြင်ခေါ်ထုတ်သတ်ဖြတ် ခံရသူနဲ့ ငလျင်ကြောင့် ကျဆုံးသူဟာဆို စုစုပေါင်း ၁၆၂ ယောက် ရှိခဲ့တယ်လို့ DVB ဒေတာအဖွဲ့နဲ့ PPNM တို့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013