
ဧရာဝတီတိုင်း၊ ပုသိမ်ထောင်အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ လွတ်လာတဲ့ အကျဉ်းသားအယောက် ၂၀ ကျော် ထောင်ဘူးဝမှာ ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ ပုသိမ် အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇူလိုင် ၁၁ ရက်က ပုသိမ်အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ ပြန်လွတ်လာတဲ့ ရခိုင်တိုင်းရင်းသား အကျဉ်းသားအယောက် ၂၀ ကျော်ကို စစ်ကောင်စီ ထောင်အာဏာပိုင်တွေက ထောင်ဘူးဝအရောက်မှာ လက်ထိတ်ခတ်ပြီး ပြန်လည်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အကျဉ်းထောင်နဲ့ နီးစပ်သူက “စစ်မေးဖို့ လိုအပ်လို့ဆိုပြီး ထောင်အာဏာပိုင်းတွေက ပြန်ဖမ်းတာ။ ရခိုင်တိုင်းရင်းသား အကျဉ်းသားတွေပါ။ နိုင်ငံရေးအကျဉ်းသားလား၊ သာမှန်အကျဉ်းသားလာတော့ မပြောတတ်ဘူး။ ရခိုင်ဘက်က အကျဉ်းသားတွေပါ” လို့ ပြောပါတယ်။
ပြန်လည်ဖမ်းဆီးခံရတဲ့ အကျဉ်းသားတွေထဲမှာ အမျိုးသမီး အကျဉ်းသူ ၇ ယောက်ပါဝင်ပြီး အဲ့ဒီအကျဉ်းသားတွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ အကျဉ်းထောင်ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက ပုသိမ်အကျဉ်းထောင်ကို အရေးပေါ်ပြောင်းရွှေ့ခံရတဲ့အထဲ ပါတာလို့ ဆိုပါတယ်။
အကျဉ်းထောင်နဲ့ နီစပ်သူ ဝန်ထမ်းတယောက်က “ဘယ်လို ပုဒ်မတွေနဲ့ အကျဉ်းကျနေတာလည်း တော့မသိပါဘူး။ ပြန်လွတ်လာပြီးတော့ တခါပြန်အဖမ်းခံရတာဟုတ်တယ်။ အကျဉ်းသားအားလုံးအယောက် ၂၀ ကျော်ပါ၊ ပြန်ဖမ်းခံရတာမှန်တယ်။ အကျဉ်းသားတွေ လွှတ်ပေးတဲ့ အစီရင်ခံစာကိစ္စနဲ့ စစ်ကောင်စီအာဏာပိုင်တွေအချင်းချင်း ပြဿနာ ဖြစ်နေကြတယ်။” လို့ ပြောပါတယ်။
ပုသိမ်အကျဉ်းထောင်ဘူးဝမှာ ပြန်လည်ဖမ်းဆီးခံရတဲ့အထဲက အကျဉ်းသားတချို့ကို စစ်ကောင်စီရဲ့ ထောင်အာဏာပိုင်တွေက ဇူလိုင် ၁၅ ရက်မှာ အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ၁၇ (၁) တို့နဲ့ အမှုဖွင့်ထားပြီး တချို့ကို ဇူလိုင် ၁၈ ရက်အထိ အမှုမဖွင့်ထားသေးဘူးလို့ သိရပါတယ်။