Home
မြန်မာသတင်း
ကျောက်မဲအချုပ်ထောင်၌ အကျဉ်းသားများသေဆုံးနေ   
DVB
·
July 26, 2025

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ အချုပ်ထောင်မှာ အစာအာဟာရအပြည့်အဝမရတာ၊ သန့်ရှင်းမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုမရှိတာကြောင့် အကျဉ်းသားနဲ့ အကျဉ်းသူတွေ အသက်ဆုံးရှုံးနေတယ်လို့  ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA) က လက်ရှိ အချိန်အထိ ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေ ဆောင်ရွက်ထားတာပါ။

တအာင်းတပ်ဖွဲ့တွေရဲ့ ဖမ်းဆီး၊ စစ်ဆေး၊ ချုပ်နှောင်၊ ထိန်းသိမ်းတာ ခံထားရတဲ့ ကျောက်မဲမြို့ အချုပ်ထောင်ထဲက အကျဉ်းသားနဲ့ အကျဉ်းသူတွေဟာ နေ့စဉ်လိုလို အသက်ဆုံးရှုံးနေရတယ်လို့ ပြန်လည်လွတ်မြောက်လာသူ တယောက်က ပြေပါတယ်။

“ကျနော်တို့ ချုပ်ခံထားရတဲ့ချိန်က အချုပ်မှာ တနေ့ကို တယောက် သေနေတာ တွေ့ရတယ်။ အချုပ်ထောင်မှာ နေရောင်သိပ်မရဘူး။ ဖမ်းခံထားရတဲ့သူတွေများတော့ အဆောင်မှာနေရ ထိုင်ရတာ အရမ်းကြပ်တယ်။ သံမံတလင်းမှာပဲ အိပ်ရတယ်။ အပေါ့အလေး ကလည်း အဲ့ဒီအခန်းထဲပဲ သွားရတယ်။ ရေလည်း မချိုးရဘူး။ နေ့တိုင်းလိုပဲ စွမ်တန်ဟင်းရည်နဲ့ ထမင်းပဲကျွေးတယ်ဆိုတော့ လူတွေက ဘယ်ခံနိုင်မလဲ။ သေတာပေါ့” လို့ ပြောပါတယ်။

ကျောက်မဲမြို့ အချုပ်ထောင်မှာ ပေ ၂၀ ဝန်းကျင်လောက်သာကျယ်ပြီး နေရောင်ခြည်ကောင်းကောင်းမရတဲ့ အချုပ်ခန်းမှာ လူဦးရေ  ၃၀ ဝန်းကျင်နေထိုင်ရတာပါ။

အမျိုးသားအခန်းနဲ့ အမျိုးသမီးအခန်း သီးသန့်ရှိပြီး အိမ်သာကတော့ အချုပ်ခန်းမှာပဲ တွဲလျှက်ထားရှိပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ လူတယောက်အတွက် နေ့စဉ်လိုအပ်တဲ့ အစာအဟာရ မရကြတဲ့အပြင် တကိုယ်ရည်သန့်ရှင်းဖို့ အတွက်လည်း ရေမချိုးကြရပါဘူး။ ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက် မှုလည်း မရှိသလောက် ဖြစ်နေတာပါ။

ထိန်းသိမ်းခံထားရသူဦးရေမှာ ၁၀၀ ဝန်းကျင်ရှိပြီး တချို့ကို သံခြေကျင်းခတ်ထားကာ တချို့ကတော့ လက်ထိပ်ခတ်လျက်သား ရက်ရှည်နေထိုင် နေကြရပါတယ်။ ဒါ့အပြင် ရှေ့နေငှားခွင့်၊ ဧည့်တွေ့ခွင့်နဲ့ အစားအသောက်ပို့ခွင့်လည်း မရကြဘူးဖြစ်နေတယ်လို့ ဆိုပါတယ်။

ကိုယ်တွေ့ကြုံလာသူတယောက်က “ယောကျာ်းဆောင် ၂ ဆောင် မိန်းမဆောင် ၁ ဆောင်ရှိတာ တွေ့ခဲ့တယ်။ ဖမ်းခံထားတဲ့သူ ခန့်မှန်ခြေ အယောက် ၁၀၀ လောက်ရှိမယ်။ နှိပ်စက်ခံထားရသူတွေ ရှိတယ်။ ဆေးကုခွင့်လည်း မရကြဘူး။ အချုပ်ထဲမှာ ခြေကျင်းခတ်ခံထားရတဲ့သူတွေလည်းရှိတယ်။ လက်ထိပ်ခတ်ခံထားရတဲ့သူတွေ လည်းရှိတယ်။ ညအိပ်လည်း ဖြုတ်မပေးဘူး။ ခြေတွေ လက်တွေ ဖူးယောင်နေတယ်။ စားစရာကို အပြင်က လာပို့ရင်လည်း အထဲကို မရောက်ဘူး။ ဧည့်တွေ့ခွင့်လည်း မရကြဘူး။ ဘာအပြစ်မှ မရှိဘဲ ဖမ်းခံထားရတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ သက်ဆိုင်ရာ PSLF/ TNLA တာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရသေးပါဘူး။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံ တရားရေးဌာနက ဥပဒေရေးရာကျွမ်းကျင်သူတယောက်ကတော့ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဘယ်သူ့ကို မဆို ဖမ်းဆီး၊ ချုပ်နှောင်၊ စစ်ဆေး၊ အရေးယူ၊ အပြစ်ပေးတာပြုလုပ်မယ်ဆိုရင် တည်ဆဲဥပဒေနဲ့ အညီ ဆောင်ရွက်ရမယ်လို့ မှတ်ချက်ပြုပါတယ်။

ဥပဒေရေးရာကျွမ်းကျင်သူတစ်ဦးက  “လူတယောက်ကို ဖမ်းမယ်ဆိုလည်း တည်ဆဲဥပဒေနဲ့ အညီဖမ်းရမယ်။ တရားစွဲတင်ရင်လည်း ရှေ့နေငှားခွင့်နဲ့ အခြားဥပဒေနဲ့ ညီတဲ့ ရပိုင်ခွင့်တွေရှိရမယ်။ ပြစ်ဒဏ်ချလိုက်ပြီဆိုရင်လည်း အကျဉ်းထောင်လက်စွဲဥပဒေဆိုတာရှိတယ်။ ဂျနီဗာကွန်ဗန်းရှင်းနဲ့ အညီ လူ့အခွင့်အရေးနဲ့ အညီပေါ့ အကျဉ်းသားတွေကို စားဝတ်နေရေး၊ လူမှုဆက်ဆံရေးတွေကို ဥပဒေနဲ့ အညီ ဘယ်လိုအခြေမျိုးမှာပဲဖြစ်ဖြစ် လိုက်နာကျင့်သုံးရမယ့် ကိစ္စရပ်ဖြစ်တယ်” မှတ်ချက်ပြုပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA တအာင်းတပ်ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေဟာ မြို့ပေါင်း  ၁၂ မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်မှာတော့ TNLA ထိန်းချုပ်ခဲ့တဲ့ မြို့တွေထဲက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်လိုက်ပြီး ကျောက်မဲမြို့ကို ဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်နိုင်ဖို့ အင်အားစုဖွဲ့နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013