
မက္ကဆီကိုနိုင်ငံသား ၁၄ ယောက် အမေရိကန် အလ်ကာထရက်စ် မိကျောင်းစခန်း အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတယ်လို့ မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က ဇူလိုင် ၂၂ ရက် ပြောကြားလိုက်ပြီး သူတို့ကို နေရပ်ပြန်ရောက်ရှိနိုင်ရေးအတွက် အစိုးရက ကြိုးစားနေတယ် လို့လည်း နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သမ္မတရှိန်းဘောင်းမ်က “လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ တိုင်ကြားမှုတွေ ရှိတဲ့အတွက် ဒါကို ပြန်လည်စိစစ်နေပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တိုင်ကြားမှုတွေရှိရင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်းကြားရပါလိမ့်မယ်။ သူတို့ကို ဖမ်းဆီးပြီးပြီးချင်း ချက်ချင်း နိုင်ငံကိုပြန်ပို့ပေးဖို့ တောင်းဆိုနေတာပါ”လို့ ပြောဆိုခဲ့ပါတယ်။
ဇန်န၀ါရီ ၂၀ ရက်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် တက်လာပြီးကတည်းက မက္ကဆီကိုနိုင်ငံသား ၆၇,၀၀၈ ယောက်အပါအဝင် လူပေါင်း ၇၃,၅၃၃ ယောက် မက္ကဆီကိုနိုင်ငံကို ပြန်လည်ရောက်ရှိလာကြပြီးအများစုမှာ လေကြောင်းနဲ့ ပြန်လာကြတယ်လို့ သမ္မတရှိန်းဘောင်းမ်က အခုလအစောပိုင်း သူ့ရဲ့နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အလ်ကာထရက်စ် မိကျောင်းစခန်းဟာ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့ကနေ ၃၇ မိုင် (၆၀ ကီလိုမီတာ)အကွာရှိ အပူပိုင်းဒေသ စိုစွတ်မြေကွင်း အကျယ်ကြီးထဲမှာ အယ်လီဂေတာ မိကျောင်းခေါင်းတို၊ ခရိုကိုဒိုင်းလ် မိကျောင်းခေါင်းရှည်တွေနဲ့ စပါးအုံးမြွေတွေ ပြည့်နှက်နေတဲ့ နေရာမှာ တည်ရှိနေတာပါ။
ထရမ့်ပ်အစိုးရနဲ့ အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်အရ ဒီစခန်းကို သမ္မတဟောင်း ဘိုင်ဒင် လက်ထက်မှာ တရားမဝင် နေထိုင်ခွင့်ပေးထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖယ်ရှားဖို့ စီမံထား တယ်လို့ ဆိုပါတယ်။
ဒီစခန်းကို ဒေါ်နယ်လ်ထရမ့်ပ် သမ္မတ ပြန်ဖြစ်လာပြီးနောက် အခုလ ဇူလိုင် ၃ ရက်ကပဲ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
အလ်ကာထရက်စ် မိကျောင်းစခန်းဟာ လူအယောက် ၅,၀၀၀ လောက် ဆံ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု၊ တကိုယ်ရေသန့်ရှင်းပိုင်းနဲ့ ဥပဒေဆိုင်ရာ အခွင့်အရေးတွေ ဘာမှ လုံလုံလောက်လောက် မပေးထားဘူးလို့လည်း ဝေဖန်ကြပါတယ်။ အကျဉ်းသားတွေ ထွက်မပြေးရဲအောင် ခြောက်လှန့်ထားတဲ့သဘောလည်း ရှိတယ်လို့ ဆိုကြပါတယ်။
Source: Reuters