Home
မြန်မာသတင်း
ပြည်နယ်နှင့်တိုင်းအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများဖွဲ့ရန် စီစဥ်နေ
DVB
·
July 23, 2025

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ သြဂုတ် ၁ ကစပြီး ပြည်နယ်နဲ့တိုင်းအသီးသီးက ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ ကော်မရှင်အဖွဲ့တွေ ဖွဲ့ဖို့ စီစဥ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်နဲ့မြို့နယ်တွေက လူစာရင်းကို တောင်းခံထားပြီး ပြည်နယ်၊ တိုင်းဒေသကြီး ကော်မရှင်ဖွဲ့ပြီးပါက အဲဒီကနေ ခရိုင်နဲ့ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာကော်မရှင်အဖွဲ့ခွဲတွေကို ဖွဲ့ပေးသွားမှာလို့ ရန်ကုန်တိုင်း အုပ်ချုပ်ရေး သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“အကြမ်းဖျင်းပြောရရင် ဗဟိုကနေ ပြည်နယ်နဲ့တိုင်းကို ကော်မရှင်အဖွဲ့ ဖွဲ့ပေးမယ်၊ အဲဒီကနေ ခရိုင်နဲ့ မြို့နယ်တွေကို ဖွဲ့ပေးမယ်၊ မြို့နယ်ကတဆင့် ရပ်ကျေးတွေ ဖွဲ့ပေးမယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ သဘောက ဘယ်လိုလာဦးမလဲ မသိဘူး၊ ဖွဲ့တဲ့နေ့မှပဲ သိမှာ။”

အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှာ ပါဝင်မယ့် နိုင်ငံဝန်ထမ်းစာရင်းကို စောင့်နေရတာကြောင့် ကော်မရှင်အဖွဲ့ခွဲတွေ မဖွဲ့ရသေးတာလို့ နေပြည်တော် အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“မဲပေးစက်သင်တန်းက ပြီးတဲ့ မြို့တွေလည်းပြီးပြီ၊ တချို့မြို့တွေလည်း မပြီးသေးဘူး၊ အဲဒါကို စောင့်နေတာလည်း ပါတယ်။ ရွေးကောက်ပွဲဥပဒေကို စစ်တပ်က ပြင်ထားတော့ နိုင်ငံဝန်ထမ်းစာရင်း စောင့်နေတာ ပါတယ်။ စစ်တပ်က ဘယ်နေရာမှာ ဘယ်သူကို ထည့်မယ်ဆိုတာ စာရင်းမပေးသေးလို့ မဖွဲ့ရသေးတာ။ သြဂုတ်လ ၁ ရက်က စဖွဲ့မယ်လို့တော့ ပြောတယ်။”

ဇွန် ၁၉ ရက်က စစ်ကောင်စီက ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၄ ကို ပြင်ဆင်လိုက်တာကြောင့် ရွေးကောက်ကော်မရှင်အဖွဲ့ခွဲတွေ ဖွဲ့တဲ့အခါမှာ အရင်က အများကြည်ညိုလေးစားခံရသူ ၃ ယောက် နေရာမှာ နိုင်ငံ့ဝန်ထမ်းကို ထည့်ပြီးဖွဲ့ရမှာလို့ ဆိုပါတယ်။

မကြာမီရက်ပိုင်းအတွင်း ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ကော်မရှင်အဖွဲ့ခွဲတွေ ဖွဲ့သွားမယ်လို့ ပြည်တွင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ဖြေဆိုထားပါတယ်။

ရွေးကောက်ပွဲကို လာမယ့် ၂၀၂၅ ဒီဇင်ဘာလကုန် ဒါမှမဟုတ် ၂၀၂၆ ဇန်နဝါရီလအစောပိုင်းမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးက မြို့နယ် ၂၆၇ မြို့နယ်မှာ ပြုလုပ်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီ ၄၉ ပါတီရှိပြီး အဲဒီအထဲက ၉ ပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မှာဖြစ်ပြီး ကျန်တဲ့ပါတီ ၄၀ က ပြည်နယ်တိုင်းဒေသကြီးတွေမှာပဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013