
နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်ဖို့အတွက် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၂၇ သန်းနဲ့ ထိုင်းဘတ် သန်း ၁၃၀ ကို ပြည်တွင်းငွေကြေး ဈေးကွက်ထဲ ထပ်မံထုတ်ရောင်းပေးမယ်လို့ ဇူလိုင် ၂၂ ရက်က ကြေညာပါတယ်။
ထုတ်ရောင်းမယ့် ငွေတွေကို စက်သုံးဆီနဲ့ သွင်းကုန်လုပ်ငန်းတွေအတွက် ဦးတည်ပြီး ရောင်းချပေးမှာ ဖြစ်တယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။
ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် စက်သုံးဆီ အပါအဝင် သွင်းကုန်လုပ်ငန်းရှင်တွေ လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို Online Trading Platform ကတဆင့် ရောင်းချပေးနေတာပါ။
အခု ဇူလိုင်လအတွင်း ဗဟိုဘဏ်ရဲ့ဒေါ်လာ ထုတ်ရောင်းမယ့် ကြေညာချက် ၄ ကြိမ်ထွက်ခဲ့ပြီး ဒီတကြိမ်နဲ့ဆိုရင် စုစုပေါင်းထုတ်ရောင်းမယ့် ဒေါ်လာ ပမာဏဟာ ၁၂၃ သန်းအထိ ရှိနေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်းဒေါ်လာ ၁၂၅ သန်းကို စက်သုံးဆီလုပ်ငန်းတွေအတွက် ၄ ကြိမ်ခွဲ ရောင်းချခဲ့တာကို ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
ဗဟိုဘဏ်အနေနဲ့ ဇူလိုင် ၂၂ ရက်နေ့ FX Trading မှာ အမေရိကန် တဒေါ်လာကို ၃၆၁၈ ကျပ် ငွေလဲနှုန်း သတ်မှတ်ထားပါတယ်။ ပြင်ပ ငွေကြေးဈေးကွက်မှာတော့ အမေရိကန် တဒေါ်လာ ငွေလဲနှုန်းဟာ ၄၄၇၀ ကျပ် ရှိပြီး ကျပ် ၈၀၀ ကျော် ကွာဟချက်ရှိနေပါတယ်။