
အခုရက်ပိုင်း ဒေသတွင်း မီဒီယာတွေနဲ့ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ရေးသားနေကြတဲ့ အာရက္ခတပ်တော် (ULA/AA) ရဲ့ ထောက်ပို့တာဝန်ခံဆိုသူမှာ တပ်ဖွဲ့ဝင်မဟုတ်ဘဲ တရားခံပြေးသာ ဖြစ်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဇူလိုင် ၂၁ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ဖြေရှင်းလာပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းသွားတယ်လို့ ပြောနေသူဟာ မီဒီယာအချို့မှာ ဖော်ပြနေကြသလိုမျိုး ဗိုလ်ယက္ခ မဟုတ်သလို ထောက်ပို့တာဝန်ခံလည်း မဟုတ်ဘဲ ဟိုတယ်ဇုန်တွေက ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူခဲ့တဲ့ တရားခံပြေးတယောက်သာဖြစ်တယ်လို့ ဆိုပါတယ်။
“မီဒီယာအချို့မှာ ဖော်ပြနေကြသလိုမျိုး ဗိုလ်ယက္ခ မဟုတ်ပါ။ သူဟာ လွန်ခဲ့တဲ့ သံတွဲတိုက်ပွဲကာလတုန်းက တိုက်နယ်မှူးတွေရဲ့ နောက်ကလိုက်ပြီးတော့ ထမင်းချက်တာ၊ ရိက္ခာနည်းနည်းပါးပါး ပြောင်းပေးတာတွေ လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒါတွေကို အခွင့်ကောင်းယူပြီးတော့ ဟိုတယ်ဇုန်တွေက ပစ္စည်းဖောက်ထွင်းခိုးယူတာတွေကို အုပ်စုဖွဲ့ ကျူးလွန်ခဲ့သူ ဖြစ်ပါတယ်။”
စစ်ကောင်စီနဲ့ ပူးပေါင်းသွားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့ သူ့ကို ခိုးမှုတွေနဲ့ ဇွန်လက ဖမ်းဆီးစစ်ဆေးပြီး ထောက်ပို့စခန်းမှာ ထိန်းသိမ်းထားစဉ် ထွက်ပြေးလွတ်မြောက်သွားတာလို့ ဦးခိုင်သုခက ဆက်ပြောထားပါတယ်။
“သူ့ကို သက်ဆိုင်ရာအုပ်ချုပ်ရေးဘက်က လွန်ခဲ့တဲ့လထဲမှာ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ စစ်ဆေးနေစဉ်ကာလမှာ သူ့ကို ထောက်ပို့စခန်းမှာ ထားပါတယ်။ အဲဒီမှာ ရေချိုးသွားတုန်း ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဖောက်ထွင်းခိုးယူမှုနဲ့ စစ်ဆေးခံနေရတဲ့ တရားခံပြေးတဦးသာ ဖြစ်ပါတယ်။ တချို့သတင်းဌာနတွေမှာ ဖော်ပြနေသလိုမျိုး ULA/AA အဖွဲ့ဝင် လုံးဝမဟုတ်ပါကြောင်း ရှင်းလင်းအသိပေးအပ်ပါတယ်” လို့ ပြောထားပါတယ်။
အခု စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ထွက်ပြေးလွတ်မြောက်သွားသူမှာ အတာ လို့ အမည်ရှိတဲ့ အမျိုးသားတယောက်သာ ဖြစ်တယ်လို့ ခိုင်သုခက ပြောထားပါတယ်။
ဒေသတွင်းမီဒီယာတွေမှာတော့ ULA/AA ရဲ့ သံတွဲ့မြို့နယ် ထောက်ပို့တာဝန်ခံဟာ ဇူလိုင်လ အတွင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်းသွားခဲ့တာလို့ ရေးသားဖော်ပြခဲ့ကြပါတယ်။
အတာဆိုတဲ့ အမျိုးသားဟာ သံတွဲကနေ ရန်ကုန်ဘက်ကို ထွက်ပြေးသွားတဲ့ ပြည်သူ့စစ်တွေနဲ့ ဆက်သွယ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားတာလို့ သံတွဲဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် စက်တင်ဘာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ULA ရဲ့ အုပ်ချုပ်မှုဖော်ဆောင်နေတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။