Home
မြန်မာသတင်း
ဝက်လက်မြို့က ပညာရေးဝန်ထမ်း ၂၀၀ ကျော် လစာမရ
DVB
·
July 23, 2025

စစ်တပ် အာဏာမသိမ်းခင်က စာသင်ကျောင်း ၁၈၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ နယ်မြေတည်ငြိမ်မှု မရှိတာကြောင့် ကျောင်း ၅ ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ပိတ်ထားတဲ့ ကျောင်းတွေက ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက လစာမပေးဘူးလို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ အင်အားကောင်းလာတဲ့ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီရဲ့ အပြည့်အဝ လုံခြုံရေးမယူနိုင်တာကြောင့် စာသင်ကျောင်းတွေ ဆက်တိုက်ပိတ်လာရကာ ၂၀၂၅ ပညာသင်နှစ်မှာ ပိတ်ထားရတဲ့ကျောင်း ၁၇၇ ကျောင်းရှိတယ်လို့ ပညာရေးဝန်ထမ်း တယောက်က DVB ကို ပြောပါတယ်။

“အရင်က ၁၈၂ ကျောင်း ရှိတယ်။ အာဏာသိမ်းပြီး ပိတ်သွားတဲ့ကျောင်း ၁၇၇ ကျောင်း ရှိတယ်။ ဒီနှစ် အထက်တန်းက ၁ ကျောင်း၊ အလယ်တန်းက ၃ ကျောင်း၊ မူလတန်းက ၁ ကျောင်းပဲ ဖွင့်နိုင်တော့တယ်။ ပိတ်သွားတဲ့ကျောင်းက ဆရာ၊ ဆရာမတွေကို မြို့နယ်ပညာရေးမှူးရုံး၊ ရွှေဘိုနဲ့ စစ်ကိုင်းမှာ ပြန်ချပေးတယ်။ မနှစ်ကထိ လစာပေးတယ်။ ဒီနှစ်မပေးတော့ဘူး။” 

စစ်ကောင်စီက ပိတ်သွားတဲ့ကျောင်းတွေအတွက် နေရာပြန်ချပေးရာမှာ ပဋိပက္ခဖြစ်ပွားနေတဲ့ ရွှေဘိုမြို့ကို အများဆုံး ပြန်ချပေးပြီး စစ်တပ်နဲ့ပတ်သက်သူတွေကို တပ်မ ၃၃ ရှိရာ စစ်ကိုင်းမြို့ပေါ် ကျောင်းတွေမှာ ပြန်ချပေးတယ်လို့ ပညာရေးဝန်ထမ်း တယောက်က DVB ကို ပြောပါတယ်။

“ဝက်လက်မှာ ကျောင်းပိတ်လို့ စစ်ရှောင်နေရတဲ့ ဝန်ထမ်းတွေကို ပဋိပက္ခဖြစ်နေတဲ့ ရွှေဘိုကို တွဲဘက်ချပေးတယ်။ စစ်တပ်အရာရှိ မိန်းမတွေကျတော့ တပ်မ ၃၃ နားက ကျောင်းတွေမှာ ပြန်ချပေးတယ်။ ရွှေဘိုမှာလည်း အခြေအနေမကောင်းတော့ မသွားနိုင်တဲ့သူတွေ ရှိတယ်။ သွားပြီး တာဝန်ထမ်းဆောင်နေတဲ့သူလည်း ရှိတယ်။ အခုကရောပြီး လစာမပေးတာ။”

ပိတ်သွားတဲ့ကျောင်း ၁၇၇ ကျောင်းက ဆရာ၊ ဆရာမ ၂၆၆ ယောက်ကို စစ်ကိုင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ် ပညာရေးမှူးရုံးမှာ ယာယီတွဲဖက်တာဝန်ပေးခဲ့မယ့် ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှာ ၂၈ ယောက်သာ လုပ်ငန်းခွင်ဝင်ခဲ့တဲ့အတွက် ကျန်ဆရာ၊ ဆရာမတွေကို လစာမပေးတာလို့ ဇူလိုင် ၂၀ ရက်မှာ ပညာရေးဝန်ကြီးဌာနက ပြန်ဖြေရှင်းထားပါတယ်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်မှာ ဝက်လက်မြို့နယ်က မူလတန်းပြဆရာမ ၄၉၃ ယောက်နဲ့ ကျောင်း/ရုံး ဝန်ထမ်း ၆၂ ယောက်ကို တာဝန်ကနေ ရပ်နားခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာ လိုအပ်ချက်ကြောင့် ပြန်လည်ခန့်ထားခဲ့တာတွေ ရှိပါတယ်။

အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်က ဝက်လက်မြို့နယ်မှာ အခြေခံပညာ အထက်တန်းအဆင့် ၂၁ ကျောင်း၊ အလယ်တန်းဆင့် ၉၂ ကျောင်းနဲ့ မူလတန်းဆင့် ၆၉ ကျောင်းရှိပြီး စာသင်ကျောင်း စုစုပေါင်း ၁၈၂ ကျောင်း ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013