
ဒီကနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံး၊ ဗြိတိသျှသံရုံးနဲ့ သြစတြေးလျသံရုံးတွေက အသီးသီး ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။
အမေရိကန်သံရုံးက ‘လွန်ခဲ့တဲ့ ၇၈ နှစ်က မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်း အားထုတ်ရင်း အဆုံးတိုင် စွန့်လွှတ်အနစ်နာခံသွားခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကျဆုံးလေပြီးသော ခေါင်းဆောင် ၉ ဦးကို အမေရိကန်ပြည်ထောင်စုက အောက်မေ့ ဂုဏ်ပြုအပ်ပါတယ်။
အာဇာနည်ခေါင်းဆောင်တွေရဲ့ အမွေအနှစ်တွေက ငြိမ်းချမ်းရေး၊ သွေးစည်းညီညွတ်ရေးနဲ့ တရားမျှတမှုတွေကို ကြိုးပမ်းအားထုတ်ရာမှာ လူသားအားလုံးအတွက် စိတ်ဓာတ်ခွန်အားတွေ ဆက်ပြီး ပေးအပ်နေပါတယ်’ လို့ ထုတ်ပြန်ထားတာပါ။
ဗြိတိသျှသံရုံးကတော့ ‘ဒီနေ့ အာဇာနည်နေ့မှာ ပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံ အနာဂတ်အတွက် ကြိုးပမ်းရာမှာ အသက်စတေးခဲ့ကြသူအားလုံးကို မြန်မာပြည်သူတွေနဲ့ထပ်တူ လေးစားအမှတ်ရနေပါတယ်’ လို့ ဆိုပါတယ်။
ဒီလိုမျိုး အသက်စတေးခဲ့ကြသူအားလုံးဆိုရာမှာ အရပ်သားပြည်သူပေါင်းများစွာ သတ်ဖြတ်ခံရခြင်းတွေလည်း ဝမ်းနည်းဖွယ် ပါဝင်နေပြီး ဒါဟာ ဘယ်လိုမှ လက်သင့်ခံနိုင်စရာ မရှိဘူးလို့လည်း ဆိုပါတယ်။
သြစတြေးလျသံရုံးကလည်း အာဇာနည်ပုဂ္ဂိုလ် ၉ ဦးကို အလေးအမြတ်ပြုပြီး မြန်မာပြည်သူတွေနဲ့အတူ ပိုမိုတောက်ပတဲ့ အနာဂတ်အတွက် ကြိုးပမ်းနေကြသူအားလုံးကို လေးစားဂါရဝပြုပါတယ်လို့ ထုတ်ပြန်ထားပါတယ်။